h1

ပလ္လင်

November 24, 2011

ကြောက်တတ်ရင်လွဲ

ရဲမှမင်းဖြစ်မယ်ဆိုလို့

ရဲခဲ့ကြတာမျိုးလား ….

 

မင်းမဖြစ်ဘဲ

ထင်းဖြစ်ခဲ့ရင်တောင်

အဲဒီအလင်းနဲ့

အမှောင်ခွင်းဖို့ပဲလိုတယ် …

 

သူရဲကောင်းမှန်ရင်

တစ်ကိုယ်တည်းခံပြီး

တစ်ယောက်တည်း မစံဘူး …

 

အမှန်တရားရဲ့ ရေးထုံးမှာ

လက်ရုံးသွေးတွေ သောက်သုံးလို့

တစ်တောလုံး မကြွေသင့်ဘူး …

 

ပဒေသရာဇ်သွေးပါမှ

ဧကရာဇ်ဖြစ်ကြေးဆိုရင်

ရာဇ၀ငင်တွေ သွေးစွန်းကုန်လိမ့်မယ် ….။

 

မောင်ညိုအေး(ပန်းတော)

Advertisements
h1

အမည်မဲ့

October 3, 2009

အမည်မဲ့ . . .

ကျွန်တော်ကလေ ကျွန်တော့်ကိုယ် ကျွန်တော် ထင်နေတာ… ပထမကစားသမားလို့လေ… အမှန်တကယ်ကတော့ ကျွန်တော်ဟာ အရန်ခုံအနားကိုတောင် သီခွင့်မရခဲ့တဲ့ အညတရ ကစားသမားလေးတစ်ဦးပါ ……

ကျွန်တော် ကံစမ်းမဲ ပေါက်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် အရမ်းပျော်တာပေါ့။ အဲဒီ ကံစမ်းမဲစာရွက်လေးကို ခဏခဏထုတ်ကြည့်ပြီး စိတ်ကူးယဉ်ခဲ့ရတာလဲ အမောပါပဲ။ စာရွက်လေးကသာ စကားပြောတတ်မယ်ဆိုရင် ကျွန်တော့်ကို “အရူး”လို့ ပြောမှာပဲနော်။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော် တကယ်ပျော်ခဲ့ပါတယ်။ ပျော်လွန်းလို့လေ… ကျွန်တော် ရူးတောင်ရူးသွားမလား ထင်ခဲ့ရတယ်။

ဒီပျော်ရွှင်ခြင်းတွေဟာ ကျွန်တာ် နောင်တစ်ချိန်မှာ စားသုံးရမယ့် ဆေးခါးတွေအတွက် နှစ်သိမ့်ဆုတွေ ဆိုတာ ကျွန်တော် မသိခဲ့ဘူးလေ။ ဒါကြောင့်လည်း ကျွန်တော် အရမ်း ပျော်ခဲ့တာပေါ့။

ကျွန်တော်ကလေ ကျွန်တော့်အတွက် သက်တမ်းကုန်နေတဲ့ ကံစမ်းမဲကို … မဟုတ်ဘူး… ဘယ်တုန်းကမှ ကျွန်တော့်အတွက် သက်တမ်းမရှိခဲ့တဲ့ ကံစမ်းမဲကို ထုတ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားမိနေတဲ့သူတစ်ယောက်ပါ။ ဒါကို ကျွန်တော်က မသိခဲ့ဘူးလေ။ တကယ်ကို မသိခဲ့တာပါ။ မသိခဲ့လို့လည်း ဒီလောက်အထိ ကျွန်တော် ပျော်ရွှင်ခဲ့တာပါ။

……………………………………………

…………………………………

……………………..

…………………

…………

……..

……

ကျွန်တော် ရှက်လိုက်တာ။ ကျွန်တော့်ကို လှောင်ပြောင် သရော်နေမှာပဲနော်။ အရူးအလုပ် ခံရတာကိုတောင် မသိတဲ့ လူတစ်ယောက်ဆိုပြီး ကျွန်တော့်ကို ဟားတိုက်ရယ်မောနေကြ မှာပဲနော်။ ကျွန်တော်လေ … ကျွန်တော်…. ရှက်လိုက်တာ….

ဘယ်သူ့ကိုမှလည်း မကြည့်ရဲတော့ပါဘူး။ ဘယ်သူနဲ့မှလည်း ရင်မဆိုင်ရဲတော့ပါဘူး။ ကျွန်တော် ရိုးရိုးသားသား လုပ်ခဲ့တဲ့အရာတွေက အခုဆိုရင် ဟားတိုက်လှောင်ပြောင်စရာတွေ ဖြစ်ကုန်ပြီလေ။ သံသယဆိုတာ ကျွန်တော့်ဘ၀မှာ မရှိခဲ့တော့.. အရာရာကို ယုံယုံကြည်ကြည်ပဲ လက်ခံခဲ့မိတာပါ။ ဒါဟာ ကျွန်တော့်ရဲ့ မှားယွင်းမှုလေလား။ ကျွန်တော် မသိတော့ပါဘူး … တွေးလည်း မတွေးတတ်တော့ပါဘူး …

သေချာတာကတော့ ကျွန်တော်ဟာ အရန်လူတောင် ဖြစ်ခွင့်မရှိခဲ့သူ တစ်ဦးပါ ….

မိုးနေ

h1

ကြိုးရှုပ်တဲ့ ရုပ်သေးရုပ်

August 25, 2009

ကြိုးရှုပ်တဲ့ ရုပ်သေးရုပ်

ဘယ်သူမှ ရှုပ်ခဲ့တာ မဟုတ်ပါဘူး

ကိုယ့်ဖာသာ ရှုပ်မှန်းမသိ ရှုပ်ခဲ့ရင်း….

အရှုပ်နွံထဲမှာ နစ်မျောခဲ့ရတာ…

ရုပ်သေးကြိုးဆွဲဆရာရဲ့

အဆွဲအငင်တစ်ချက်ကို မျှော်ကိုးရင်း

ကိုယ့်ဖာသာကြိုးတွေ ရှုပ်ခဲ့ရတာ ….

ဖြေထုတ်ဖို့တောင် အချိန်မမီလိုက်တော့ဘူး

ဒါကို ဘယ်သူက သိခဲ့မှာလဲ

ဝမ်းနည်းလိုက်

ကြေကွဲလိုက်

ဒေါသထွက်လိုက်

ဖြေသိမ့်လိုက်

နောင်တရလိုက်နဲ့

တစ်ကိုယ်တည်း …

ကြိုးတွေရှုပ်ခဲ့ရတာ

ဂျူးကတော့ သူ့ဝတ္ထုတိုတစ်ခုထဲမှာ ပြောခဲ့ဖူးပါတယ်….

“ခင်ဗျားအနားမှာ ကြိုးတစ်ချောင်းကို

လွယ်လွယ်ကူကူ ဘယ်တော့မှ မထားမိပါစေနဲ့” တဲ့ …

ဒါပေမယ့် ….

အဲဒီကြိုးကိုပဲ သွားသွားရှုပ်ခဲ့မိတာ …

ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး…

ကိုယ့်ကြိုးကိုယ်ရှုပ်ခဲ့တဲ့

ရုပ်သေးရုပ်လေးတစ်ရုပ်ပါ။              ။

မိုးနေ

h1

ခုတလော

August 20, 2009

ခုတလော

တွေးနေမိတာက

သံသယအကြောင်း …

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာ

မရောင်ရာများ ဆီလူးနေမိသလားလို့ ….

ကျန်းမာရေး

ဒေါင်ဒေါင်မြည်၏ …

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ပိတောက်ပွင့်သစ်ကဗျာရှည်စုစည်းမှု၊ ကြည်ဇော်အေး၊ ကိုတာ၊ ကြည်အေး၊ နောက် … တစ်ယောက်ယောက် ….

ရောက်နေဖြစ်တာက

????

ရေးဖြစ်နေတာက

????

နားထောင်ဖြစ်နေတာက

ရိုးရာသံစဉ်…

ရွတ်နေမိတဲ့ကဗျာက

ခက်တာက

ကိုယ့်ပိုက်ဆံနဲ့ကိုယ် လောကကြီးကို ကျေးဇူးတင်နေရတာပဲ..

ကြည်ဇော်အေး

ဖြစ်ချင်နေတာ

Jumper နှစ်ရက်လောက် ဖြစ်ခွင့်ရချင်တယ် …

စားဖြစ်နေတတ်တာ

တစ်သက်လုံး မကြိုက်ခဲ့တဲ့ ထမင်းကြော် …

သနားနေမိတာက

ဘယ်သူ့ကို သနားရမှန်း သိပါဝူး…

လွမ်းနေမိတာက

ဆုံးရှုံးလိုက်ရတဲ့ သူငယ်ချင်းတွေ …

မေ့လျော့ပစ်နေမိတာက

အချိန် …

ခါးသက်နေတာက

အကာတွေ …

တမ်းတနေမိတာ

အဖိုးရှိစဉ်တုန်းက နွေရာသီ ကျောင်းပိတ်ရက်တွေ …

ကြိတ်ပြီးချီးကျူးနေတာ

??????????

ကြိတ်ပြီးအထင်သေးနေတာ

???????

ဆန္ဒမရှိတဲ့နေရာ

လူများတဲ့နေရာ …

ဆန္ဒရှိနေတဲ့ကိစ္စ

စိတ်လွတ်လက်လွတ် ဘတ်စ်ကားလျှောက်စီးချင်တယ်…

မုန်းတီးနေမိတာ

လူတစ်ဖက်သားကို အမနာပ ပြောတတ်တဲ့သူတွေ.. (အဲလိုလူတွေ သိပ်ပြီးမုန်း)

ချစ်နေတာက

သက်မဲ့ …. ????

သက်ရှိ ….. မေမေ၊ မမချို၊ နောက်….. သူတို့လို ထပ်တူထပ်မျှချစ်တဲ့ အစ်မတစ်ယောက် …

စိတ်ပျက်နေမိတာ..

အလုပ်မတွင်တဲ့ ကြိုးနီစနစ် …

စွဲလန်းနေမိတာ

ကြယ်လေးတွေ …

လိုအပ်နေတာ

တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင် …

တောင်းနေမိတဲ့ဆု

ချစ်သောသူများ ကျန်းမာပါစေ …

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာ

??????????

ဝန်ခံချင်တာ

မးးးးးးးးး က tag လို့ ရေးတာပါ …

မိုးနေ

h1

ဖေဖေ

June 21, 2009

ဖေဖေ

အခုတလော ဖေဖေ့ကို သတိရနေတယ်။ ဖေဖေနဲ့ မတွေ့တာတောင် အတော်ကြာနေပြီပဲ။ ကြာဆို နှစ်တွေက လက်တစ်ဖက်မကလို့ လက်နှစ်ဖက်တောင် ရှိနေပြီ။ ဖေဖေ နေကောကောင်းရဲ့လား။ အဆင်ကောပြေရဲ့လား။ အခုဆိုရင် ဖေဖေက ဘယ်လို ပုံစံရှိနေလဲ မသိပါဘူး။ ပိန်သလား။ ၀သလား။ သိတော့ သိချင်သား။

ဖေဖေနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ အခေါက်က ဒီလိုပဲ မိုးရာသီ ထင်ပါရဲ့။ တွေ့တဲ့ရက်က မများတော့ သိပ်တောင် မမှတ်မိပါဘူး။ ၂ ရက်လား ၃ရက်လားပဲ ရှိတယ်ဆိုတော့ ဝေေ၀၀ါးဝါးနဲ့။ အဲ့တုန်းကတော့ ပျော်ခဲ့မယ် ထင်ပါတယ်။

ဖေဖေ ၀ယ်ပေးတဲ့ နာရီလေးတော့ ရှိသေးတယ်။ အမှတ်တရသိမ်းထားတာ။ ဒါပေမယ့် အဲဒီနာရီကို မပတ်ဘူးဆိုတာ သိရင် စိတ်မကောင်းဖြစ်မလား မသိဘူးပဲ။ နာရီမှ မကြိုက်တာ ဖေဖေရာ။ မပတ်ချင်ပါဘူး။ အဲဒီနာရီကို မပတ်ပေမယ့် ဖေဖေ၀ယ်ပေးတဲ့ ပစ္စည်းအဖြစ် သေသေချာချာသိမ်းထားပါတယ်။ မေမေကတောင် မျက်နှာမကောင်းဘူး။

ပြီးတာ့ ငယ်ငယ်တုန်းက ဖေဖေ ၀ယ်ပေးခဲ့တဲ့ အင်္ဂလိပ်စာအုပ်တွေတော့ ရှိပါသေးတယ်။ ဖေဖေ့ လက်မှတ်ထိုးထားတယ်လေ။
သားကြီး ……၊
သမီးကြီး ……… နဲ့
သမီးငယ် … တို့ အင်္ဂလိပ်စာ ထူးချွန်ဖို့ … ဖေဖေ ဆိုပြီးလေ။  စိတ်တော့ မကောင်းပါဘူး.. ဖေဖေရာ။ ဖေဖေက အင်္ဂလိပ်စာ တော်စေချင်ပေမယ့် ဖေဖေ့သားသမီးတွေက ညံတယ် ဖေဖေရ။

တစ်ခါတစ်လေတော့လည်း ဖေဖေရာ.. သူများမိသားစုတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်နေတာကို ကြည့်ပြီး ၀မ်းနည်းလိုက်တာ။ ကိုယ့်စီမှာက အဲလို ပျော်ရွှင်ခွင့်တွေ မရှိခဲ့ဘူးကော။ ဖေဖေနဲ့ မေမေ ချစ်ကြည်နေတုန်းကတော့ ပျော်စရာကောင်းခဲ့မှာပါ။ အရမ်းငယ်သေးတဲ့ အချိန်ဆိုတော့လည်း မမှတ်မိပါဘူး။ ဘော်ဒါဆောင်က ဆရာမကတော့ ပြောပါတယ်။ မိသားစုက ကြည်နူးစရာလေးတဲ့။ ဒါပေမယ့် အဲဒီအချိန်တွေကို မမှတ်မိတာ ခက်တယ်။ အခုတော့လည်း မိသားစုဝင်တွေအားလုံးက တစ်နေရာစီမှာ တစ်ဘ၀စီ ရှင်သန်နေကြရတယ်။ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်တင်စရာအကြောင်းတော့ မရှိပါဘူး။ ဒါပေမယ့် အလွမ်းပြေကြည့်စရာ မိသားစုဓာတ်ပုံလေးတောင် ဟုတ်တိပတ်တိ မရှိတာတော့ ၀မ်းနည်းစရာ ကောင်းလိုက်တာ။

လူတိုင်း(မိသားစုတိုင်း)မှာ ၀မ်းနည်းမှုက ပုံစံအမျိုးမျိုးရှိနေတယ်နော်။ ဘယ်သူကမှ ပြီးပြည့်စုံတဲ့ ဘ၀တစ်ခုကို မပိုင်ဆိုင်နိုင်ဘူးထင်တယ်။

ဖေဖေ့ကို သတိရနေသလို ကိုကို့ကို လည်း သတိရနေမိတယ်။ ကိုကို လူ့လောကထဲက ထွက်ခွာသွားတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုရှိနေပြီ။ ကိုကိုက အဝေးတစ်နေရာကနေ ထွက်သွားတာဆိုတော့ အခုအချိန်အထိ အိပ်မက်လိုပါပဲ။ ခရီးထွက်နေတယ်လို့ပဲ ခံစားနေရတယ်။ တစ်နေ့နေ့ကျရင် ပြန်လာမယ်လို့ မျှော်လင့်နေမိတယ်။ ဒါပေမယ့် ဟုတ်မှမဟုတ်တာ။ ငယ်ငယ်တုန်းက ကိုကို ဂစ်တာတီးပြီး ဆိုပြတဲ့ သီချင်းလေးတစ်ပုဒ်ကို ခဏခဏ နားထောင်နေမိတယ်။ ကိုကို့ကို သတိရလိုက်တာ။ မောင်နှမတွေလည်း အတူတူ ကောင်းကောင်း မနေလိုက်ရဘူး။ ကိုကိုက အစောကြီး နှုတ်ဆက်ထွက်ခွာသွားတယ်။

အခုအချိန်မှာ အရမ်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုက ဖေဖေနဲ့ အတူတူနေချင်တယ်။ အကြာကြီး နေခွင့်မရဘူးဆိုရင်တောင် ၂လ ၃လလောက် နေခွင့်ရရင်တော်ပါပြီ။ ကျေနပ်စရာကောင်းတဲ့ အတိုင်းအတာ တစ်ခု ဖြစ်မှာပါ။ ပျော်စရာလည်း ကောင်းမှာပဲ။ ဖေဖေက စာဖတ်ဝါသနာပါတယ် ဆိုတော့ သားအဖနှစ် စာအုပ်ဆိုင် အတူတူသွားပြီး စာအုပ်တွေ ရှာမယ်။ ပြီးတော့ ဖတ်ပြီးတဲ့ စာတွေအကြောင်း ဆွေးနွေးမယ်။ ငြင်းခုံကြမယ်။ ရုပ်ရှင်လည်း တူတူကြည့်ကြမယ်။ ကောင်းလိုက်တာ။ ပျော်စရာကြီး။ ဒါပေမယ့် အခုချိန်မှာ ဖေဖေက ဘယ်ဆီဘယ်ဝယ်ကို ရောက်နေမှန်းမသိဘူး။ တွေ့ကော တွေ့ခွင့်ရှိပါဦးမလား မသိပါဘူး။

အခုနေများ တန်ခိုးရှင်တစ်ဦးက လိုရာဆန္ဒတောင်းဆိုရင် ဒီဆုတစ်ခုကိုတော့  ပြည့်ချင်ပါတယ်…

မိုးနေ

h1

ပြယ်လွင့်သွားတဲ့ ပျော်ရွှင်ခြင်း…..

June 8, 2009

ပြယ်လွင့်သွားတဲ့ ပျော်ရွှင်ခြင်း…..

ကြယ်လေးတစ်ပွင့် ငါ့ကောင်းကင်မှာ ခုန်ဆင်းကြွေကျခဲ့ဖူးတယ်။ အဲဒီနေ့ကို ငါ မေ့လို့မရဘူး။ ကစဥ့်ကလျားဖြစ်နေတဲ့ ဘ၀ရဲ့ သီအိုရီတွေထဲမှာ ခဏတာ ဆင်းသက်လာတဲ့ ကြယ်ပွင့်လေး ကြောင့် ပျော်ရွှင်ခြင်းတွေကို ငါ … ယာယီပိုင်ဆိုင်ခွင့် ရခဲ့တယ်။

ရက်စက်လိုက်တာလို့ မပြောရက်ပါဘူး။
လုပ်ရက်လိုက်လေခြင်းဆိုပြီးလည်း အပြစ်မတင်ရက်ဘူး။
လှည့်စားခဲ့တယ်လို့လည်း အတွေးမ၀င်ချင်ပါဘူး။

မင်း… ထားရစ်ခဲ့တဲ့အတိုင်း ကိုယ်တိတ်တိတ်လေး နေခဲ့တာပါ။ ၀မ်းနည်းကြေကွဲမှုတွေကို မင်း … ပေးတဲ့ အမှတ်တရ လက်ဆောင်အဖြစ် ကိုယ့်ရင်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာပါ။ နာကျင်ခဲ့တယ်ဆိုရင်တောင် ကိုယ်ကျေနပ်ပါတယ်။ မင်း.. ပေးခဲ့တဲ့ အင်မတန်နည်းပါးလွန်းတဲ့ ပျော်ရွှင်ခြင်း(မင်း.. ကိုယ့်ကို အစစ်အမှန် မပေးခဲ့ဘူးလို့ ထင်တာပဲ)တွေကို အမြတ်တနိုး တန်ဖိုးထား နေမှာပါ။ ကိုယ် မင်းကို အရမ်းယုံကြည်ခဲ့ပါတယ်။ တန်ဖိုးလည်း ထားခဲ့ပါတယ်။ ပုလဲရတနာလေးတစ်ပါးလို အမြတ်တနိုးကိုးကွယ်ခဲ့တယ်။ ကိုယ့် ရင်ထဲမှာရှိတဲ့ အရာအားလုံးကို ပုံအောပြီး ပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ပြန်ရလိုက်တဲ့အရာကတော့ …………………………….

ကိုယ်… မင်းကို အပြစ်မတင်ရက်ပါဘူး။ နာကျင်မိတာတော့ အမှန်ပဲ။ နှလုံးသားတစ်ခုလုံး သွေးချင်းချင်းနီမြန်းခဲ့ပြီလေ။ မချိပြုံးလေး ပြုံးရုံကလွဲပြီး ကိုယ်… ဘာမှလည်း မတတ်နိုင်ခဲ့ပါဘူး။ အဝေးကနေ တမ်းတလွမ်းမောခွင့်လေးနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်ရမှာပါ။ မင်းကို.. ပေးဆပ်ခွင့် ရခဲ့အတွက်လည်း အရမ်းပဲ ပျော်ရွှင်ခဲ့ရပါတယ်။ အဲဒီနေ့ရက်လေးတွေကို ထာဝရထုတ်ပိုး သိမ်းဆည်းထားမှာပါ။

ကိုယ်နဲ့အတူ ရှိနေရင် မင်း … စိတ်အနှောင့်အယှက်အရမ်းဖြစ်တယ်။ မပျော်ရွှင်ဘူးဆိုတာ ကိုယ် သိပါတယ်။ အားနာပါးနာနဲ့ လိုက်လျောဆက်ဆံပေးခဲ့တယ်ဆိုတာ ကိုယ် .. နားလည်ပါတယ်။ အဲဒီအတွက်လည်း မင်းကို ကျေးဇူးတင်ပါတယ်။

မမေ့နိုင်ဘူးဆိုတာ သိနေတော့လည်း မေ့ပျောက်ဖို့ မကြိုးစားတော့ပါဘူး။ မင်းအတွက် ကိုယ်ဟာ အရေးမပါတဲ့ လူသားတစ်ဦး ဖြစ်နေပေမယ့် ကိုယ့်အတွက်တော့ မင်းဟာ ကိုယ့်ဘ၀ရဲ့ ဟိုးးးးးးးးအနက်ရှုင်းဆုံး၊ အမြင့်မြတ်ဆုံး၊ တန်ဖိုးအရှိဆုံး အရာတစ်ပါးပါပဲ။

လူတစ်ယောက်ဆီမှာ ဒီလောက်ထိ ပျော်ဝင်နစ်မျော ကျဆုံးသွားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ မင့်းရဲ့ ပျော်ရွှင်ခြင်းဟာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းဖြစ်ခဲ့ပြီး မင့်းရဲ့ ၀မ်းနည်းပူဆွေးမှုက ကိုယ့်အတွက် အကြီးမားဆုံး သောကဖြစ်ခဲ့ရတယ်။ မင်း …. နေမကောင်းဘူး၊ စိတ်ညစ်တယ်ဆိုရင် ကိုယ်ပဲ အဲဒီဝေဒနာတွေ၊ သောကတွေကို ယူလို့ရရင် လွှဲပြောင်း ယူပေးချင်ပါတယ်။

နံနက်ခင်းနေရောင်ခြည်နဲ့အတူ နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ အဦးဆုံးသတိရမိတာ မင်း…အကြောင်းပါပဲ။ ဒီလိုပါပဲ.. မျက်စိနှစ်ကွင်းပိတ်ပြီး ညအိပ်ရာဝင်တော့မယ်ဆိုရင်လည်း မင်း…အကြောင်းကိုပဲ တွေးတောမိနေတတ်ခဲ့တယ်။

နှစ်ယောက်အတူ လျှောက်ဖူးတဲ့ လမ်းမတွေ၊ အတူထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်ကို ဖြတ်လျှောက်မိတိုင်း ကြေကွဲစွာ ပြုံးနေရပြီ။ တိုက်ဆိုင်မှုတွေ ရှိတိုင်း မင်း..ကို သတိရလွမ်းဆွတ်မိနေတတ်ပြီ။

အိပ်မက်လေး မက်နေတုန်းက သာယာကြည်နူးနေပြီး အိပ်မက်က လန့့်နိုးတော့မှ အပျော်တွေ လေနှင်ရာ လွင့်ပါသွားခဲ့ရတယ်။

လူဆိုတာကလည်း ပိုင်ဆိုင်ခွင့်မရှိခင်တုန်းက မပိုင်ဆိုင်ရကောင်းလားဆိုတာ မရှိပေမယ့် ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဆုံးရှုံးလိုက်တော့မှ လက်လွှတ်ဆုံးရှုံးလိုက်ရလေခြင်းဆိုတဲ့ အတွေးတွေနဲ့ … နာကျင်ပင်ပန်းလိုက်တာ။

ကိုယ့် ရင်တွင်းဥယျာဉ်ထဲမှာ အလွမ်းသစ်ပင်လေး ရှင်သန်ကြီးထွားနေလိုက်တာ..ဘယ်တော့မှ မညှိုးခြောက်တော့မယ့် ပုံစံနဲ့။

မိုးနေ

h1

အနက်ရောင်လွှမ်းသွားသော တိမ်မျှင်တစ်စ

May 31, 2009

အနက်ရောင်လွှမ်းသွားသော တိမ်မျှင်တစ်စ

ငါ့ကောင်းကင်မှာ ကြယ်တွေ မလင်းလက်တော့ဘူး။  ပြန်မဆုံနိုင်တော့တဲ့ညနေခင်းတွေကို ငါ ပြန်တမ်းတလွမ်းမောနေရပြီ။ ခဏတာ ဆေးခြယ်ခဲ့တဲ့ ပျော်ရွှင်ခြင်းပန်းချီကားတစ်ချပ်ဟာ အခုတော့ အနက်ရောင်စုတ်ချက်ကြမ်းကြမ်းပဲ ကျန်ရစ်ခဲ့တော့တယ်။ သံယောဇဉ်ဆိုတာ မွန်းကြပ်တဲ့ အရာတစ်ခုပဲဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ငါ့ခြေလှမ်းတွေ ရုတ်သိမ်းလို့ မရ တော့ဘူး။ အရာရာဟာ နောက်ကျသွားခဲ့ပြီ။ ငါ ကိုယ်တိုင် ပျော်ဝင်နစ်မျောခဲ့တဲ့ အရာအတွက် နောင်တတော့မရခဲ့ပါဘူး။ ကျေနပ်စရာပါပဲ။ ဘ၀မှာ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက်ကော.. ပိုင်ဆိုင်ခွင့်ပေးခဲ့တာအတွက်ပါ ငါ့ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိမှာပါ။ ဘ၀ တစ်ခုလုံးအတွက်လည်း အမှတ်တရတန်ဖိုးကြီးလက်ဆောင်အဖြစ် ထာဝရသိမ်းဆည်းထား မှာပါ။ (ရင်ထဲမှာ တိတ်တခိုးလေးပေါ့)။

မဖြစ်နိုင်ဘူးဆိုတာ သိရဲ့နဲ့ ဖြစ်ချင်နေခဲ့တယ်။ မရနိုင်မှန်း သိရဲ့နဲ့ လိုချင်နေခဲ့တယ်။ ကိုယ် တောင်းသလောက် ပေးမယ်လို့ ဘယ်သူကများ အာမခံခဲ့လို့လဲ။ ကိုယ်ပေးသလောက်ကော ပြန်ရ မယ်လို့ကော ဘယ်သူက ကတိပေးခဲ့လို့လဲ။ သိသိရက်နဲ့ မိုက်မဲခဲ့မိတယ်။ ကိုယ့်စိတ်ကိုယ်
လှည့်စားရင်း.. မနက်ဖြန်တွေကို ညာမှန်းမသိ ညာနေခဲ့တဲ့သူတစ်ယောက် ဖြစ်လာခဲ့ရတယ်။ (ဘယ်သူ့ကိုယ်မှ မညာဘဲ ကိုယ့်ကိုယ်ကိုပဲ ညာခဲ့သူတစ်ယောက်)။ ကိုယ်က ၁၀၀ ရာခိုင်နှုန်း အပြည့်ပေးခဲ့ပေမယ့် ကိုယ်ပြန်ရလိုက်တဲ့ ၁ ရာခိုင်နှုန်း (ဒါတောင် ပြည့်ကောပြည့်ရဲ့လားဆိုတဲ့ သံသယနဲ့) အတွက် ၀မ်းနည်းကြေကွဲရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။ ဘာများ စောဒက တက်ခွင့်ရှိဦးမှာလဲ။ သူ ကိုယ့်ကို ပေးခဲ့တာကကော အစစ်အမှန်လား … အတုအယောင်လား…. မသေချာ မရေရာပါဘူး။ အစစ်အမှန်လို့ပဲ ယုံကြည်ချင်ပါတယ်။ ယုံလည်း ယုံကြည်ခဲ့ပါတယ်။

ငါ့ရဲ့ ပျော်ရွှင်ခြင်းတွေကို တစ်စုံတစ်ယောက်က ခိုးယူစားသုံးသွားခဲ့ပြီ။ သူက ခိုးယူသွားတာလား… ကိုယ်ကပဲ အရာရာပေးလိုက်တာလား… ကိုယ့်ကိုယ်လည်း ဝေခွဲမရတော့ဘူး။ သေချာတာ ကတော့ အခုဆိုရင် ငါ မပျော်တတ်တော့ဘူး။ ရှင်သန်နေရတဲ့ နေ့ရက်တိုင်းက နွေပန်းချီ ကားတစ်ချပ်လိုပဲ  ပူလောင်ခြောက်သွေ့နေပြီ။ အရာရာ ပြောင်းလဲသွားလိုက်တာ။ အေးမြတဲ့ မိုးရေစက်တွေတောင် ငါ့ရင်ကို မအေးမြစေနိုင်တော့ဘူး။ မိုးစက်တွေနဲ့အပြိုင် ရင်ထဲမှာ  ငိုနေရပြီ။ မြင်မြင်သမျှ တွေ့တွေ့သမျှ  အရာအားလုံးဟာ ကြေကွဲမှု ပြကွက်တွေပဲ။

——–

————-

—————-

တစ်နေ့နေ့ ကာင်းကင်မှာ ကြယ်လေးတစ်ပွင့် ယောင်ယမ်းပြီး ပြန်လင်းလာမလားလို့ ………..

မိုးနေ