Archive for October 17th, 2008

h1

ဘ၀ဆိုတာ ပဲ့တင်သံပါ ………

October 17, 2008

တစ်ခါတုန်းက သားအဖနှစ်ယောက်ဟာ တောင်တန်းလေးတစ်ခုပေါ်မှာ လမ်းလျှောက်နေကြပါတယ်။ ရုတ်တရက် သားဖြစ်သူဟာ ခြေချော်ပြီး ပြုတ်ကျသွားပါတယ်။ သူဟာ နာကျင်လွန်းလို့ အား ခနဲအော်လိုက်မိပါတယ်။ အဲဒီအော်သံဟာ တောင်တွေကို ပဲ့တင်ရိုက်ပြီး ပြန်ထွက်လာပါတယ်။ သူဟာ သူ့ရဲ့ အော်သံကို ပြန်ကြားရတဲ့အခါမှာ အလွန်အံ့အားသင့်သွားပြီး မင်း …….ဘယ်သူလဲ လို့ စိတ်ဝင်တစားနဲ့ အော်မေးလိုက်ပါတယ်။ အဲဒီမေးခွန်းဟာလည်း သူ့ဆီကို ပြန်ရောက်လာပါတယ်။ သူဟာ အလွန်စိတ်လှုပ်ရှားသွားပြီး ကျွန်တော် ……. ခင်ဗျားကို အရမ်းလေးစားအားကျတယ် လို့ အော်ပြောလိုက်တဲ့အခါမှာလည်း တူညီတဲ့တုံ့ပြန်သံကို ကြားလိုက်ရပါတယ်။ ဒီတစ်ခါ သူက သူရဲဘောကြောင်တဲ့သူ၊ သတိမရှိတဲ့သူလို့ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ဒီတစ်ခါလည်း ထပ်တူညီတဲ့အော်သံတစ်ခုဟာ သူ့ဆီကို ချက်ချင်းပြန်ရောက်လာပါတယ်။

သူဟာ နားမလည်နိုင်စွာနဲ့ ဖခင်ဖြစ်သူကို လှမ်းကြည့်ပြီး အဖေ ……. ဘာဖြစ်တာလဲမသိဘူး လို့ လှမ်းမေးလိုက်ပါတယ်။ သူ့ဖခင်က သူ့ကို ပြုံးပြီး ငါ့သား သေချာနားထောင်နော် လို့ ပြောပြီး မင်းဟာ သူရဲကောင်းတစ်ယောက် ပါလို့ အော်လိုက်တယ်။ အဲဒီအခါမှာလည်း သူ့ဖခင်ရဲ့ အော်သံလို အသံကို ထပ်မံကြားလိုက်ရတဲ့အခါမှာတော့ ကောင်လေးဟာ ပိုမိုအံ့အားသင့်သွားပါတယ်။ ဒါပေမယ့် သူဟာ ဘာဆိုဘာမှ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ သူ့ဖခင်က ကောင်လေးကို သား ……. ဒါကို လူတွေက ပဲ့တင်သံလို့ ပြောကြတယ်။ အမှန်တော့ ဒါဟာ ဘ၀ပါ။ သား ………မင်းပြောလိုက်တဲ့အရာတိုင်း၊ မင်း ပြုလုပ်လိုက်တဲ့အရာတိုင်းဟာ မင်းဆီကို ပြန်ရောက်လာမှာ။ လူတွေရဲ့  ဘ၀ဟာ သူတို့ပြုလုပ်ခဲ့တဲ့အရာတွေရဲ့  ရောင်ပြန်ဟပ်မှုပါပဲ။ ငါ့သား ….. တကယ်လို့ မင်းဟာ ဒီကမာကြီးဆီကနေ အချစ်တွေကို ပိုရချင်ရင် မင်းရဲ့ နှလုံးသားထဲမှာ သူတစ်ပါးကို ချစ်တတ်တဲ့စိတ်ကို အရင်ဆုံးမွေးမြူထားရမယ်။ မင်းရဲ့ အသင်းကို အနိုင်ရစေချင်ရင် မင်းကိုယ်တိုင် နိုင်စိတ်ကို မွေးမြူထားရမယ်။ ဒါတွေဟာ ဘ၀ရဲ့ ဘယ်အစိတ်အပိုင်း၊ ဘယ်ရှုထောင့်နဲ့မဆို သက်ဆိုင်နေတယ်။ မင်းပေးခဲ့တဲ့အရာတိုင်းကို ဘ၀က မင်းကို ပြန်ပေးမှာလေ လို့ နားလည်အောင် ရှင်းပြလိုက်ပါတယ်။

ဘ၀ဆိုတာ အမှတ်တမဲ့ဖြစ်ပျက်နေတဲ့အရာတွေ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။

Ref; Mountain Story

h1

ကျောက်တုံးနှင့် သဲ

October 17, 2008

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ သဲကနာရကို ဖြတ်သန်းပြီး ခရီးတစ်ခု ထွက်ခဲ့ကြတယ်။ ခရီးအတော်အတန်သွားပြီး တဲ့နောက် လမ်းတစ်နေရာမှာ သူတို့နှစ်ယောက် စကားများကြတယ်။ အဲဒီအခါမှာ ပထမတစ်ယောက်က သူ့သူငယ်ချင်းရဲ့ ပါးကို လှမ်းရိုက်လိုက်ပါတယ်။ အရိုက်ခံလိုက်ရတဲ့သူငယ်ချင်းဟာ နာကျင်သွားပေမယ့် ဘာမှပြန်မပြောဘဲ သဲပြင်ပေါ်မှာ ဒီနေ့ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက ငါ့ပါးကို ရိုက်တယ် လို့ ရေးလိုက်တယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ခရီးဆက်လက်ထွက်ခွာခဲ့ကြတယ်။ လမ်းတစ်နေရာမှာ ရေအိုင်လေးတစ်ခုတွေ့ တော့ သူတို့ဟာ အဲဒီနေရာမှာ ခရီးတစ်ထောက်နားဖို့ ဆုံးဖြတ်လိုက်ကြပြီး ရေဆင်းချိုးပါတယ်။ ရေကူးလို့ သိပ်မကြာခင်မှာပဲ အရိုက်ခံရတဲ့ တစ်ယောက်ဟာ ရေနစ်မလို ဖြစ်သွားတော့ သူ့သူငယ်ချင်းက သူ့ကို အလျင်အမြန် ဆယ်ယူပြီး အသက်ကယ်လိုက်တယ်လေ။ ရေနစ် တဲ့တစ်ယောက်ဟာ အနည်းငယ်နေသာထိုင်သာ ရှိလာတဲ့အခါမှာတော့ ကျောက်တုံးတစ်တုံးပေါ်မှာ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ရဲ့  အသက်ကို ကယ်တင်လိုက်တယ် လို့ ရေးလိုက်တယ်။

ဒီအခါမှာ သူ့ကို ပါးရိုက်ခဲ့သူ၊ သူ့အသက်ကို ကယ်တင်ခဲ့တဲ့ သူ့သူငယ်ချင်းက ငါ မင်းကို ပါးရိုက်လိုက်တော့ မင်းက သဲပေါ်မှာ ရေးခဲ့တယ်နော်။ အခု မင်းကို အသက်ကယ်လိုက်တော့ မင်းက ကျောက်တုံးပေါ်မှာ ရေးတယ်။ ဘာကြောင့်လဲ လို့ သူ့သူငယ်ချင်းကို မေးခွန်းထုတ်လိုက်တယ်လေ။

အဲဒီအခါ အရိုက်ခံခဲ့ရတဲ့သူငယ်ချင်းက သူ့ကို တစ်ယောက်ယောက်က ငါတို့ကို နာကျင်အောင်လုပ်ရင် အဲဒီနာကျင်မှုတွေကို သဲပေါ်မှာပဲ ငါတို့ ရေးသင့်တယ်။ အချိန်အတန်ကြာလာတဲ့အခါ လေမုန်တိုင်းတိုက်ခတ်လာရင် သဲပေါ်မှာရေးထားတဲ့အရာ ထင်ကျန်ရစ်တော့မှာ မဟုတ်ဘူးလေ။ လေနဲ့အတူ လွင့်ပါသွားပြီး ဒီနာကျင်မှုတွေကို မေ့ပျောက်သွားမှာပါ။ တကယ်လို့ တစ်စုံတစ်ယောက်က ငါတို့ကို ကောင်းကျိုးပြုခဲ့တယ်ဆိုရင် အဲဒီကျေးဇူးကို ကျောက်တုံးတစ်တုံးပေါ်မှာ ထွင်းထုထားသင့်တယ်။ ကျောက်တုံးပေါ်မှာ ထွင်းထုတားတော့ အချိန်ကာလဘယ်လောက်ပဲ ကြာညောင်းနေပါစေ၊ ဘယ်လိုမုန်တိုင်းမျိုးကပဲ တိုက်ခတ်လာပါစေ ဒီအမှတ်အသားတွေကို ဖျောက်ဖျက်ပစ်နိုင်စွမ်းမရှိဘူးလေ။ ဒီလိုဆိုရင် သူတစ်ပါးရဲ့ ကျေးဇူးတရားတွေကို ငါတို့ဘ၀တစ်လျှောက်လုံးမှာ အမြဲအမှတ်ရ နေမှာလေ လို့ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ်။

ဒီလိုပါပဲ ကျွန်ုပ်တို့ရဲ့  နေ့စဉ်ဘ၀တွေမှာ ကျွန်ုပ်တို့ကို နာကျင်စေခဲ့သူတွေ၊ ကျေးဇူးပြုခဲ့သူတွေ အများအပြားရှိနေပါတယ်။ ဒါကြောင့် နာကျင်မှုတွေကို သဲပေါ်မှာရေးနိုင်အောင် ကြိုးစားပြီး မေ့ဖျောက်ပစ်နိုင်အောင် လေ့ကျင့်ရမှာပါ။ ကိုယ့်အပေါ် ပြုဖူးတဲ့ သူတစ်ထူးရဲ့  ကျေးဇူးကိုလည်း ဘယ်တော့မှ ဖျောက်ဖျက်မပစ်နိုင်တဲ့ ကျောက်တုံးတွေပေါ်မှာ ထွင်းထုပြီးတော့ အမြဲအမှတ်ရနေအောင် ပြုလုပ်ရမှာပါ။

Ref; Sand & Stone

h1

အိပ်မက်ပျောက်သူ

October 17, 2008

ည …..ည ကျွန်တော် မအိပ်သေးခင်

ကောင်းကင်ကို ငေးရင်းမော

မမီနိုင်သူ အဝေး

ကြယ်လေးတွေ ရယ်သွမ်းသွေးတယ်

စကြာဝဠာအစ ဘဒကမာအဆုံး

ချစ်မိသူအားလုံး ရှုံးခဲ့တယ်တဲ့

အချစ်နဲ့ဘ၀ တစ်သားတည်းကျပြီး……..နောက်

အိပ်မက်ကြောင့် နာကျင်

အိပ်မက်ကြောင့် ကြေမွ

အိပ်မက်ကြောင့် မျက်ရည်ကျတယ်။

တွဲရေး ….ခွဲရေး အတ်တစ်ခုတည်းနဲ့ တွေးရအောင်

အချစ်ဆိုတာ စစ်အေးတိုက်ပွဲလား။

သံသရာမှာ ဒဏ်ရာမပါအောင်

ဘယ်ဘက်ရင်ဘတ်က လွမ်းရင်

ဘယ်ဘက်ရင်ဘတ်ကို သတ်ဖို့

ညာဘက်ရင်ဘတ်က လွမ်းရင်

ညာဘက်ရင်ဘတ်ကို သတ်ဖို့

အနာဂတ်တွေ သွေးစို့ကုန်ပြီ။

အနမ်းမဲ့ တခြမ်းပဲ့ညလယ်ခေါင်မှာ

သစာတရားတွေ အမှောင်လွန်ပြီ

အချစ်နယ်ကျွံတဲ့ နှလုံးသားလည်း နေ၀င်သွားပြီ။

သစာကိုရှာ ဘ၀သာပျောက်

အဲဒီနောက် …..ည …..ည

အိပ်လို့တောင် မရတော့ဘူး။ ။

ဥတရာ(ရေဆုံး)