Archive for November, 2008

h1

စွန့်ခွာသူ…

November 28, 2008

ငယ်ငယ်တုန်းက ဒီနယ်ပယ်ထဲမှာ ကျင်လည်ခွင့်ရရင် သိပ်ပျော်စရာကောင်းမှာပဲလို့ အမြဲတွေးမိခဲ့တယ်။

ပါဝင်ခွင့်ရအောင်လည်း နေ့စဉ်အိပ်မက်တွေ မက်ပြီး အရူးအမူးကြိုးစားခဲ့တယ်။ နေ့နေ့ညည ဒီအိပ်မက်ကိုပဲ ဖက်တွယ်ခဲ့တယ်။

အိပ်မက်လေး အကောင်အထည် ပေါ်ခဲ့ပါတယ်။

ကနဦးအစမှာတော့ ဒီဝန်းကျင်လေးမှာ နေထိုင်ရှင်သန်ရတာကို ဂုဏ်ယူကျေနပ်ခဲ့တယ်။ ငါလိုလူ ဇမ္ဗူမှာ မရှိဘူးလို့တောင် ကိုယ့်ကိုကိုယ် သွေးနထင်ရောက်ပြီး အထင်ကြီးခဲ့တယ်။

ကာလအတန်ကြာအောင် အဲဒီလောကထဲမှာ ရှင်သန်ခဲ့တယ်။ ပျော်ရွှင်စရာတွေလည်း ကြုံခဲ့တယ်… စိတ်ပျက်စရာတွေနဲ့လည်း ဆုံခဲ့ရတယ်…..ကိုယ်တာဝန်ယူ လုပ်ကိုင်ရတဲ့နေရာလေး တစ်ခုမှာတော့ ကိုယ့်မှာရှိတဲ့ စွမ်းအားလေးနဲ့ အကောင်းဆုံး ဖြစ်အောင်၊ အတတ်နိုင်ဆုံး အမှား အယွင်းမရှိအောင် ကြိုးစားခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ နေ့ရက်တွေက အရမ်းကိုလှပနေတာပေါ့။

တဖြည်းဖြည်း ကာလတွေကြာညောင်းလာတော့ အဲဒီလောကကြီးထဲက လျင်သူစားစတမ်း၊ အမြီးကျက် အမြီးစား.. ခေါင်းကျက် ခေါင်းစားဆိုတဲ့ လူတွေကို သိလိုက်ရတော့ အံ့အားသင့်ခဲ့ရတယ်။ ငယ်ငယ်တုန်းက အဲဒီအသိုင်းအ၀ိုင်းလေးဟာ အရမ်းကို ဖြူစင်နေမယ်၊ ရိုးသားနေမယ်လို့ ထင်ခဲ့တယ်။ အထင်လည်း အရမ်းကြီးခဲ့တာကိုး။ လေးစားမှုတွေနဲ့အတူပေါ့။ သူတစ်ပါးရဲ့အားနည်းချက် ခြေလှမ်းအမှားကို စောင့်ကြည့်ပြီး ချောက်ချဖို့အမြဲကြိုးစားနေခဲ့တာတွေ၊ ကလိမ်ကကျစ်ကျမှုတွေကို တကယ်နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတော့ ကိုယ့်မှာ စကားလုံးတွေ ဆွံ့အသွားခဲ့တယ်။ စောင့်စည်းမှု၊ လူ့ကျင့်ဝတ်ဆိုတာကို ထည့်မတွက်ဘဲ ကိုယ့်ဖို့ တစ်ဘို့တည်း ကြည့်တတ်တဲ့သူတွေ၊ အပြောချိုသလောက် ကြောက်စရာကောင်းလှတဲ့ လူတွေကိုလည်း မြင်တွေ့လိုက်ရတော့ အရာရာကို သံသယနဲ့တောင် ကြည့်တတ်လာခဲ့တယ်။

ဒါပေမယ့် အားလုံးတော့ ဟုတ်ဟန်မတူပါဘူး။ တစ်ချို့လူတွေကတော့ တကယ့်ကို စိတ်ရင်းနဲ့ ဒီဥယျာဉ်လေး လှပသာယာအောင် ပေါင်းမြက်တွေ ခုတ်ထွင်ရှင်းလင်းပြီး မျိုးစေ့ကောင်းတွေကို ချပေးကြတယ်။ သူတို့တတ်နိုင်တဲ့ အင်အားလေးတွေနဲ့ပေါ့။

ဒါပေမယ့် လောကကြီးက စံလွဲနေတယ်။ မျိုးစေ့ကောင်းလေးတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုရဲ့ ရိုက်ပုတ်ခြင်းကို အလူးအလဲခံယူပြီး ရှင်သန်ကြီးထွားဖို့အတွက် မနည်းရုန်းကန်နေရတယ်။ တစ်ချို့တွေက အပင်ဘ၀တောင် မရောက်လိုက်ဘဲ ပျောက်ပျက်သွား ကြတယ်။ တစ်ချို့တွေကတော့ အပင်ဘ၀ ရောက်လာပေမယ့် ဆက်လက်မကြီးမထွားနိုင် ကြဘူးလေ။ လောကဓံကြောင့်ပေါ့။ ဒါပေမယ့် ရှင်သန်ကြီးထွားလာတဲ့ အပင်တစ်ချို့ကတော့ အမြစ်တွေဟာ ခိုင်မာပြီး မြေကြီးနက်နက်ထဲထိ ကုပ်ဆွဲထားနိုင်ကြတယ်လေ။ ပေါင်းမြက်တွေကတော့ အပြိုင်အရိုင်း ရှင်သန်နေလိုက်ကြတာ အဆံမရှိတဲ့ စပါးနှံတွေလိုပဲ။ ဟိုနေရာ မှာလည်း သူ …ဒီနေရာမှာလည်း သူ.. နေရာတကာမှာ ရှိနေတယ်လေ။ မျိုးစေ့မှန်တဲ့ အပင်လေးတွေ ကျတော့ နေရာကွက်ကွက်လေးတစ်ခုမှာပဲ ရှင်သန်နိုင်တယ်။

ဒါကြောင့် ကိုယ့်အမြင်၊ ကိုယ့်အယူအဆတွေဟာလည်း နေ့ရက်တွေ ကြာလာတာနဲ့အမျှ ပြောင်းလဲ လာလိုက်တာ ကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး။ ငါဟာ ငါကော ဟုတ်သေးရဲ့လားလို့တောင် တွေးနေမိတော့တယ်။

အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတယ် ဆိုပေမယ့် ကိုယ်ကတော့ ဒီအသိုင်းအ၀န်းလေးထဲမှာ နေချင်စိတ်မရှိတော့ပါဘူး။ စည်းဝိုင်းရဲ့အပြင်ဘက်မှာပဲ ပွဲကြည့်ပရိသတ်အနေနဲ့ပဲ နေချင်တော့တယ်။

မကြာခင် ကိုယ် ဒီအသိုင်းအ၀န်းလေးကို စွန့်ခွာပြီး ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ကိုလည်း လုံးဝ ပြောင်းလဲပစ်လိုက်တော့မယ်။ ကိုယ်အထင်ကြီး၊ လေးစားခဲ့တဲ့ နယ်ပယ်လေးကတောင် ကိုယ် မထင်ထားတဲ့ အရာတွေကို ပေးခဲ့တယ်ဆိုတော့ ကိုယ်အခု သွားရောက်ကျင်လည်မယ့် အရပ်ကတော့ ပြောနေစရာတောင် မလိုပါဘူး။ ရုန်းကန်နိုင်မှ ရှင်သန်နိုင်မယ်ဆိုတာလေ။ ကိုယ် ခံနိုင်ရည်ရှိမှာပါ။

ဘာပဲဖြစ်ဖြစ်ပါ… ကိုယ်ကျင်လည်ခဲ့တဲ့ အဲဒီဝန်းကျင်လေးကို ကိုယ် အမြဲတမ်း အမှတ်ရနေမှာ သေချာပါတယ်။ နာကျင်ခြင်း၊ ပျော်ရွှင်ခြင်းတွေကိုကောပေါ့။

မိုးနေ

Advertisements
h1

မျက်နှာဖုံး

November 27, 2008

သူငယ်ချင်းရေ…
ငါ … နင့်ကို လောကကြီးအကြောင်း ပြောပြချင်တာဟာ… (လောကကြီးဆိုတာထက် … လူတွေအကြောင်းပေါ့ဟာ)
ငါတို့ ထင်မှတ်မထားတဲ့အရာတွေ ဖြစ်တတ်တယ်ဆိုတာလေ…
ကိုယ်မျှော်လင့်ထားတဲ့အရာတွေ ဖြစ်ချင်မှ ဖြစ်လာပေမယ့် မမျှော်လင့်ထားတဲ့အရာ(မဖြစ်ချင်တဲ့အရာ)တွေကတော့ တကယ်ကို အပ်ကျမတ်ကျ ဖြစ်လာတတ်တယ်…
မာယာများတဲ့ ဒီလူ့လောကကြီးထဲမှာ ငါတို့က ရိုးသားမှုကို မြတ်နိုးတယ်လေ… ဒါကြောင့် လူတွေကို ငါတို့လိုပဲ ရိုးသားလိမ့်မယ်လို့ မျှော်လင့် ယုံကြည်ခဲ့တယ်နော်….
မျက်နှာဖုံးစွပ်ထားတတ်တယ်ဆိုတာကို ငါတို့က မေ့နေခဲ့တာဟ… မေ့နေတယ်ဆိုတာထက် မျက်နှာဖုံးမဲ့ ပကတိလို့ပဲ ထင်ခဲ့ကြတာလေ…
ဒါကြောင့် …နင်ကော… ငါကော… လူတွေကို ကိုယ်လိုပဲ ထင်ပြီး အဖြူစင်ဆုံး ဆက်ဆံခဲ့ကြတယ်… ယုံကြည်ခဲ့ကြတယ်နော်…
ဒါပေမယ့်… ငါတို့ရဲ့ ယုံကြည်မှုတွေက အလွဲသုံးစားအလုပ်ခံလိုက်ရတယ်လေ…
မယုံနိုင်ခြင်း၊ အံ့သြခြင်းတွေနဲ့အတူ ကြောက်ရွံ့ရွံရှာတဲ့ ခံစားမှုတွေကို တပြိုင်တည်း ခံစားလိုက်ရတယ်..
ပြီးတော့ ဘယ်သူကိုမှ ယုံကြည်ထားလို့မရဘူးဆိုတဲ့ အသိတရားကို ငါတို့ ရလိုက်တယ်နော်…

သူငယ်ချင်းရေ….
ဘာပဲဖြစ်ဖြစ်… လောကကြီးမှာ ဒီလိုအဖြစ်အပျက်တွေ မရှိသင့်ဘူးလို့ ငါက ထင်တယ်… လုံးဝကို မရှိသင့်၊ မဖြစ်သင့်တာပါ…
နင်ကော.. ငါကော.. တခြားသူတွေကော…. ဒါကို လက်မခံနိုင်ဘူးလေ…
ဘာဖြစ်လို့များ အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စတွေကို တစ်ချို့သောလူတွေက ဖန်တီးရတာလဲဆိုတာ ငါ .. နားမလည်တော့ဘူးဟာ…
မကောင်းမှုကို လူတွေ (တစ်ချို့)ဘာကြောင့် ပျော်မွေ့ရသလဲဆိုတာပေါ့…
သာယာလှပတဲ့ ကမ္ဘာကြီးဟာ ဒီအဖြစ်အပျက်တွေကြောင့် အမည်းရောင်တိမ်ဖုံးသွားပြီဟာ…
ငါတို့ကျင်လည်ပျော်မွေ့နေတဲ့ နယ်ပယ်လေးဟာ သာယာကြည်နူးစရာကောင်းပါတယ်…ဟာ…
ဒါပေမယ့် ဒီလှပနေတဲ့ နယ်ပယ်လေးကို အရုပ်ဆိုးအောင် လုပ်လိုက်တယ်….
ဘာပဲဖြစ်ဖြစ်ပါ… သူ့တရား သူစီရင်မှာပါ…

သူငယ်ချင်းရေ…
ဘယ်သူတရားပျက်ပျက် … ကိုယ်မပျက်ဖို့ အဓိကပါပဲ..ဟာ…
ငါတို့ရဲ့နေ့ရက်တွေမှာ ဒီလိုအရုပ်ဆိုးအကျည်းတန်တဲ့အဖြစ်အပျက်တွေ ထပ်မဖြစ်လာအောင်တော့ ငါတို့ ကြိုးစားရမယ်နော်….
ငါတို့ရဲ့ လိပ်ပြာလေးတွေ ဖြူစင်သန့်ရှင်းနေအောင် ငါတို့ ကြိုးစားကြမယ်နော်…
ပြီးတော့ ငါတို့ရဲ့ ပတ်ဝန်းကျင်လေးကိုလည်း ဒီလိုညစ်ညမ်းတဲ့ အဖြစ်အပျက်တွေ မပေါ်ပေါက်အောင်လို့ လက်ဆင့်ကမ်းပြီး အသိတရားတွေ ဝေမျှပေးရမယ်နော်…

သူငယ်ချင်းရေ….
ငါတို့ အတူတူလက်တွဲရင်ဆိုင်ကြတာပေါ့ဟာ….
မျက်နှာဖုံးအောက်က အစစ်အမှန်ရုပ်ကို ဖမ်းမိနိုင်အောင်တော့ ငါတို့မှာ သတိတရားတွေ အမြဲရှိဖို့လိုအပ်တယ်နော်…

မိုးနေ

h1

အဲဒီလိုပဲ ပြောချင်ပါတယ်….

November 26, 2008

-ဆိုးရွားတဲ့ နာကျင်မှုတစ်ခုဟာ သက်သာပျောက်ကင်းစေနိုင်ပေမယ့် နာမည်ဆိုးနဲ့ ကျော်ကြားမှုတစ်ခုကတော့ ဘ၀တစ်ခုကို သေစေနိုင်တယ်တဲ့လေ…

– ရေနစ်ဖို့တစ်ခုတည်းအတွက်တော့ ရေထဲလမ်းလျှောက်နေစရာမလိုပါဘူးလေ….

– ကောက်ကျစ်စဉ်းလဲခြင်းက ခွန်အားထက် ပိုမိုတန်ကြေးကြီးမားတယ်ဆိုပဲ။ (လောကမှာ ကြောက်စရာအကောင်းဆုံးက ယုတ်မာ ကောက်ကျစ်မှုပဲလေ…. ဟုတ်တယ်ဟုတ်)

– တညောင်ညောင်အော်နေတဲ့ ကြောင်ကတော့ ခပ်ညံ့ညံ့မုဆိုးတစ်ကောင်ဆိုတာ သက်သေပြနေတယ်…. (ဟောင်လွန်းတဲ့ခွေး လူမလေးတဲ့…)

– လူတွေက အမနာပ ပြောနေရင်တောင် ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုင်စွဲထားမှာပဲ။ (ကိုယ်ယုံကြည်ရာအတွက်တော့ အသက်ပင် သေသေ ဆိုတာလေ…. မယုံဘူးလား…)

– သင်ကလွဲပြီး သင့်ရဲ့ခွန်အားကို ဘယ်သူမှ ဆုတ်ယုတ်စေမှာ မဟုတ်ဘူး… (ကိုယ့်ကို ဖျက်ဆီးနိုင်တာကတော့ . . . သေချာတယ်… ကိုယ်ပါပဲ)

– ဆင်းရဲဖို့ဆိုတာ တန်ကြီးကြီးမားလွန်းပါတယ်…. (ဆင်းရဲခြင်းလောက် ဆိုးရွားတာ ဘာမှမရှိဘူး… ဆင်းရဲခြင်းက ရုန်းထွက်ရမယ်… )

– ကောင်းမှုကို မဆောင်ကြဉ်းပေးတာလောက် ဆိုးရွားတဲ့ မကောင်းမှုဆိုတာ မရှိပါဘူး… (ဘာမှမလုပ်ဘဲ ထိုင်နေတာထက်စာရင် တစ်ခုခု လုပ်နေတာ ပိုမကောင်းဘူးလား…..ဒါက ကိုယ့်အမြင်ပါ)

– သင့်ရဲ့ နှလုံးသားတံခါးကို ဖွင့်ထားလိုက်ပါ…. (ဒါဆိုရင် အားလုံးနဲ့အတူ မျှဝေခံစားနိုင်ပြီလေ…. စကားလုံးချင်း တူသွားပြီလေ)

– ချမ်းသာခြင်းက သုခဆိုရင် ဘာကြောင့် ဆင်းရဲခြင်း(ငိုကြွေး၊ စိတ်ဆင်းရဲခြင်း)ဆိုတာ ရှိနေရတာလဲ။ ဆင်းရဲခြင်းက ဒုက္ခတဲ့ ဒီလိုဆိုရင် ဘာဖြစ်လို့ ဆင်းရဲခြင်းမှာ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်းတွေ ရှိနေရတာလဲ…. (ချမ်းသာခြင်းက ဘယ်လိုဒုက္ခတွေကို ကြုံတွေ့စေမှာလဲ…. )

– ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရမှာပေါ့… (ဆိုခဲစေ မြဲစေလေ)

– တံစိုးလက်ဆောင်ဆိုတာ တံခါးအားလုံးကို ဖွင့်နိုင်တဲ့သော့လေ… (လာဘ်ပေး …. ရန်မလိုတဲ့… ဟုတ်တယ်ဟုတ်)

– စည်းလုံးခြင်းက ခွန်အားတဲ့ ….(နှမ်းတစေ့တည်းနဲ့တော့ ဆီမဖြစ်နိုင်ဘူးလေ.. ဒါပေမယ့် … )

– ဘာမှမသိတဲ့သူက ဘာမှမခံစားရတဲ့သူတဲ့…. (ဘာမှမရှက်တဲ့သူတဲ့…. ဒီစကားလုံးကို ဆရာမ မနော်ဟရီရဲ့ အဖြူရောင်သက်တံ့တစ်စင်းနဲ့ ကျွန်မရဲ့ရောင်စုံသီချင်းထဲကနေ… ယူသုံးထားတာ… ဆရာမ ခွင့်ပြုပါ…နော်)

သူငယ်ချင်းတစ်ယောက် လာဖတ်ခိုင်းတဲ့ စာကို ဘာသာပြန် လိုက်တာပါ…. တတ်သလောက် မှတ်သလောက် လေးပါ…

မိုးနေ

h1

နိုဝင်ဘာ …..၁၈

November 19, 2008

နိုဝင်ဘာ ၁၈ရက်နေ့တွင် ကျရောက်သော သူငယ်ချင်း ကဗျာဆရာ ဥတ္တရာ(ရေဆုံး)အတွက် အမှတ်တရ။ သူကိုယ်တိုင်ရေးထားတဲ့ ကဗျာလေးပါ။

နိုဝင်ဘာ …..၁၈

ပျော်စရာနံ့တသင်းသင်း မွေးနေ့ကိတ်လေးကို မတည်ခင်းနိုင်လို့

မွေးနေ့လက်ဆောင် ပျော်စရာလေးတွေ ဝေးနေခဲ့သူ

ငူတူတူ ထုံပေပေ မျက်လုံးအသေတွေနဲ့

လောကကို ကြည့်မိတတ်သူ အိမ်ပြေးလူရဲ့

သေရေးရှင်ရေး သေနေ့ရှင်ပြေး မွေးနေ့တစ်နေ့ ဖြစ်ပါတယ်။

ဒီနိုဝင်ဘာ ၁၈ရဲ့ ပြီးခဲ့သော ပစ္စုပန်မှာ

ဘ၀ကို အရက်ထဲ စိမ်ပြီးသောက်မိလို့

သံသရာမှာ လမ်းစပျောက်နေသူ ဖေဖေ့ဆီက

အသေစောဖို့ ရေမရောဘူးဆိုတဲ့

ကိုယ်ဖြစ်ကိုယ်ခံ အမှန်တရားဖန်ခွက်သံ-

ကြမ်းရှရှကြမ္မာငင်ဝင်အနှောက်မှာ

ဆောင်းတစ်ညနဲ့အတူ ပျောက်သွားတဲ့

ချစ်သောနှင်းရဲ့ သင်းကွဲစကားသံ

မီးငယ် အတွက် ဂစ်တာတစ်လက် ၀ယ်ပေးမယ် ပြောအပြီးမှာ

ခရီးဝေးကြီးထွက်ခွာ ပြန်မလာတော့ဘူးဆိုတဲ့

ညီမငယ်လေးရဲ့ ယုံကြည်ကင်းမဲ့ မနက်ဖြန်တွေကို ရခဲ့ပြီးမို့

ကိုယ့်အတ္တနဲ့ကိုယ် ဘာလက်ဆောင်မှ

ဆုတောင်းလည်း မကြမ်းလိုတော့။

နေမပူ လမသာ မိုးမရွာ နှင်းမပါ ညကမ္ဘာလေးရဲ့

အနွေးထည်မရှိတဲ့ ဆောင်းရာသီထဲက

ဆောင်းမရှိတဲ့ အနွေးထည်လေးလို

မေတ္တာအေးအေးလေးသာ လိုနေပါတယ်။

ဘယ်သူမဆို ကိုယ့်ပွဲကြိုကိုတော့ မှန်ချင်ကြတာပဲ မဟုတ်လား

သူဟာလည်း အဲဒီလို

အသည်းတစ်ခြမ်း အကျွမ်းခံအိပ်မက်တောင်တန်း

ရိုးရိုးသားသားလမ်းလေးကို သွားချင်ခဲ့တာပါ။

ငွေ အခြေအနေ မတရားလိုမှု ဂုဏ်တုဂုဏ်ပြိုင်

စားဝတ်နေရေး အိပ်ပျော်ဆေး ဆက်ခ်စ်ကိစ္စ အနုပညာ

လိုင်းချင်းမတူလို့ လူချင်းတိုင်းမရတဲ့ မြို့ပြထဲမှာ

သွေးရိုးသားရိုး ဒဏ်ရာသာရချင်ခဲ့တာမို့

မှားရင်လည်းမှား ရိုးရိုးသားသားမှား

မရှိရင်လည်း ဆားနဲ့စားမယ်ဆိုတဲ့ မနက်ဖြန်တွေကို ပိုင်ဆိုင်ပြီးဖြစ်လို့

ဒီ နိုဝင်ဘာ ၁၈ ဟာ လူဖြစ်လုံးလုံး မရှုံးတော့ပါဘူး။

မရှုံးတော့ပါဘူး …. မေမေရေ

ဟန်ဆောင်ပြုံးပြ ဘာသာဗေဒ အသုံးများကမ္ဘာမှာ

သူဟာ ရေမျောကမ်းတင်ဆိုရင်တောင်

ဗေဒါလို့ အော်ပြီးအသက်ရှင်ဖို့

သူဟာ အလေ့ကျပေါက်တဲ့အပင်ဆိုရင်တောင်

ကယ်တင်ရှင်ကို မမျှော်တော့ဘူးရယ်လို့

ကမ္ဘာကြီးကို စိန်ထပ်ခေါ်ပြီး

၂၃နှစ်စာ ဒဏ်ရာမီးတိုင်လေးတွေ ငြိမ်းနိုင်ခဲ့ပါပြီ။

အမှန်တရားတောင်ကုန်းလေးဆီ ဦးတည်တဲ့လမ်းမှာ

အငိုပန်းတွေလည်း ပွင့်လန်းနှင့်ကြပါပြီ။

အဲဒီလို သူ့အဖြစ် မျက်ရည်စစ်စစ် အိပ်မက်စစ်စစ်တွေနဲ့

ဒီနိုဝင်ဘာ ၁၈မှာ (သူဟာ)

အားပေးမခံရတဲ့ လက်ခုပ်သံတွေကြား

လူ … ပီ…သ…သွား….ပါ…ပြီ….။

ဥတ္တရာ(ရေဆုံး)