Archive for December, 2008

h1

လွတ်မြောက်ခွင့်ပေးပါ…

December 29, 2008

လွတ်မြောက်ခွင့်ပေးပါ …..

အခုရက်ပိုင်းအတွင်း လူက လေးလံထိုင်းမှိုင်းနေတယ်။ လောကကြီးက ရုတ်ချည်းငြီးငွေ့စရာ ကောင်းသွားတယ်။ ရင်မှာဟာပြီး  ဘာမှမရှိတော့သလိုပဲ။ အဲဒီခံစားချက်ကြီးကို မှတ်မှတ်ရရ ခရစ္စမတ်နေ့ ညနေစောင်းမှာမှ ရလိုက်တာ။ အဲဒီနေ့က တစ်နေ့လုံးအဆင်ပြေပြေပျော်ရွှင်ရွှင်ပါပဲ။ ခရစ္စမတနေ့ကိုတောင် ခရစ်ယာန်ဘာသာဝင်တစ်ယောက် မဟုတ်ပေမယ့် နေရင်းထိုင်ရင်း ရင်ခုန် နေတယ်။ ငယ်ငယ်တုန်းက သီချင်းလိုက်ဆိုခဲ့ဖူးတာ၊ ဘုရားကျောင်းတက်ခဲ့ဖူးတာ၊ Sunday School တက်ခဲ့ဖူးတာတွေကို ပြန်အမှတ်ရပြီး ကြည်နူးနေသေးတယ်။ ညနေခင်းရောက်တော့ ထုံးစံ  အတိုင်း အင်တာနက်ဆိုင်သွားပြီး အင်တာနက် ၀င်ကြည့်တယ်။ ကိုယ်ကြိုက်တဲ့ ဘလော့တွေ လျှောက်လည်ပြီး ပို့စ်အသစ်တွေ ဖတ်ပေါ့။ Merry Christmas!!! လို့လည်း ခင်မင်ရင်းနှီးသူတွေကို နှုတ်ဆက်လိုက်သေးတယ်။ ပြီးတော့ အင်တာနက်ဆိုင်ကနေ ပြန်ထွက် လာခဲ့တယ်။ အရမ်းကို ထူးဆန်းတာပဲ။ ဆိုင်ကို ကျောခိုင်းပြီး လမ်းမပေါ် ရောက်တာနဲ့ ငြီးငွေ့ခြင်းကို ကောက်ကာငင်ကာ ခံစားလိုက်ရတယ်။ ဘယ်နေရာကိုပဲ ကြည့်ကြည့်၊ ဘယ်သူတွေကိုပဲ မြင်မြင် အရာရာဟာ လေးလံထိုင်းမှိုင်းနေတယ်။

အမှန်တကယ်ဆိုရင် ရှမ်းလမ်းဂွဈေးနေရာက ညနေစောင်းဆိုရင် ပွဲခင်းတစ်မျှ စည်ကားနေတဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ်တစ်ယောက်တည်း သီးခြား ကမ္ဘာရောက်နေသလိုပဲ။ အရမ်းကို အထီးကျန်သွားသလိုပဲ ခံစားလိုက်ရတယ်။ လူတွေ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေတာ၊ ဆူညံအော်ဟစ်သံတွေဟာ ကိုယ်နဲ့ ဘာမှမဆိုင်တော့သလို တံတိုင်းတစ်ခုခြားသွားသလိုပါပဲ။

အိမ်ကိုပြန်ရောက်တော့ စိတ်ပြောင်းမလာဆိုပြီး သီချင်းနားထောင်မိတယ်။ ကိုယ်အကြိုက်ဆုံး သီချင်းတွေကတောင် နှစ်သိမ့်မှု မပေးနိုင်ခဲ့ပါဘူး။ ဒါနဲ့ နောက်တစ်ခု ပြောင်းလုပ်ကြည့်တယ်။ ဒီအလုပ်ကတော့ မလုပ်ရရင် မနေနိုင်တဲ့အထဲမှာ ပါတယ်။ စာဖတ်ခြင်းလေ။ ဒါပေမယ့် အံ့သြစရာကောင်းနေတယ်။ အာရုံဝင်စားလို့ မရဘူးဖြစ်နေတယ်။ ရုပ်ရှင်ဘက်ကို အာရုံပြောင်းကြည့်တော့လည်း အဆင်မပြေပါဘူး။ ကဲကွာ ဒီလောက်တောင် ဖြစ်လှတာဆိုပြီး ကော်ဖီခါးခါးတစ်ခွက် ဖျော်သောက်လိုက်တယ်။ ကိုယ့်စိတ်ကို ကျေနပ်မှုအမြဲပေးခဲ့တဲ့ ကော်ဖီ ကလည်း ဒီတစ်ခါတော့ နှမလက်လျှော့နေလေတော့ပဲ ဖြစ်နေတယ်။ ဒီလိုခံစားမှုမျိုးကို အရင်က တစ်ခါမှ မခံစားခဲ့ရဖူးဘူး။ ကိုယ့်စိတ်က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ စာအုပ်တစ် အုပ်ရယ်၊ သီချင်းငြိမ့်ငြိမ့်လေးရယ်၊ ကော်ဖီတစ်ခွက်ရယ်နဲ့ တွေ့လိုက်ရင် ချက်ချင်းတည်ငြိမ်ပြီး ပျော်ဝင်သွားတာ။

အခုတော့ ချက်ချင်းလက်ငင်းကြီး အရာရာကို ငြီးငွေ့ပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ အဲဒီခံစားချက်ကြီးကို မုန်းတယ်။ ဒီထိုင်းမှိုင်းမှုက ရုန်းထွက်ချင်တယ်။ လောလော ဆယ်တော့ ဘာမှလုပ်မရဘူးဖြစ်နေတယ်။ ဒီခံစားချက်ကြီးနဲ့ နှစ်သစ်ကို မကြိုဆိုချင်ဘူး။ နှစ်သစ်ကိုလည်း မသယ်သွားချင်ဘူး။

စိတ်က အပြောင်းအလဲကို တောင့်တနေတာလားတော့ မသိပါဘူး။ ဒီခေါက်ရိုးကျိုးနေတဲ့ ဘ၀ထဲကနေ ရုန်းထွက်နေချင်တာလား မသိဘူး။ ဘာဆိုဘာမှမရေရာဘူးဖြစ်နေတယ်။ အသစ်ကို ပြောင်းလဲဖို့ ဆန္ဒရှိနေတာလား မသိဘူး… ကောင်းသော ပြောင်းလဲခြင်းကိုပဲလိုလားပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ ဒီစိတ်အခြေအနေကနေ လွတ်မြောက်အောင် လုပ်ချင်တယ်… လွတ်မြောက် ချင်တယ်။

မိုးနေ

h1

ဘာမှတော့ မတတ်နိုင်ဘူး . . .

December 26, 2008

ဘာမှတော့ မတတ်နိုင်ဘူး …

သတင်းတစ်ခု ကြားလိုက်ရတယ်။ မယုံနိုင်အောင် ဖြစ်မိတယ်။ ဟုတ်ကော ဟုတ်ရဲ့လားဆိုတဲ့ အတွေးတွေနဲ့။ ဒါမျိုးတွေ ရှိသေးလားဆိုတဲ့ မေးခွန်းတွေနဲ့ပါ။

ပိုက်ဆံရှိလူတန်းစားတွေမှာ ပစ္စည်းမဲ့ အခြေခံလူတန်းစားတွေကို စာနာနားလည်နိုင်တဲ့ နှလုံးသား တစ်စုံ မပါလာခဲ့ဘူးနော်။ မတန်မရာ လုပ်အားတွေကို မတရားရယူထားပြီးတော့ ပေးမယ်ဆိုတဲ့ လုပ်ခလစာ(နဂိုကတည်းက နည်းနေပြီးသား)ကိုတော့ အပြည့်အ၀ ပေးသင့်ပါတယ်။ အခုတော့ ကြားနေရတာတွေက နားမချမ်းသာစရာကောင်းလိုက်တာ။ ကြုံဖူး ကြားဖူးကြလားတော့ မသိဘူး။ ဒီတစ်လရမယ့်လစာကို နောက်လလယ်မှ လစာရဲ့ ၃ပုံ ၁ပုံကို ထုတ်ပေးတယ်။ အံ့ရောပဲ။ ဒီလစာတစ်ခုတည်းကို အားကိုးနေရတဲ့ အလုပ်သမားတွေရဲ့ ဘ၀ကို စဉ်းစားကြည့်ပါဦး။ အလုပ်ရှင်(ပိုက်ဆံတွေ သောက်သောက်လဲ ချမ်းသာလှပါပြီဆိုတဲ့)က သူ့ဘက် သေချာအောင် အပိုင်ချည်ထားတာလေ။ အလုပ်ထွက်မယ်ဆိုတော့လည်း ထွက်ခွင့် မပေးဘူး။ ဘယ်ပေးမလဲ လုပ်အားတွေက အလကားနီးပါး ရနေတာကိုး။ ရှင်းရှင်းပြောရရင် အလုပ်သမားတစ်ယောက်ရဲ့လစာဟာ သူတို့ စားသောက်ဆိုင်ထိုင်ပြီး တစ်ဝိုင်းရှင်းစာတောင် မရှိ ။

အလုပ်သမားတွေ အလုပ်ဝင်ဝင်ချင်းမှာ သူတို့မှတ်ပုံတင်တွေကို  သူဌေးက သိမ်းထားလိုက်ပြီ။ အေးဆေးပဲလေ။ မင်းတို့ ငါထားရာနေ စေရာသွား။ ဘာမှ အတွန့်တက်ဖို့ မစဉ်းစားနဲ့ဆိုတဲ့ အချိုး နဲ့လေ။ လစာမရလို့၊ အလုပ်ချိန်များလို့၊ ဒီဒဏ်တွေကို မခံစားနိုင်တော့လို့ ဖြစ်လိုရာဖြစ် ထွက်ပြေးရအောင်ကလည်း ခြံဝင်းတံခါးက ဆယ့်နှစ်ရာသီသော့ခတ်ထားတယ်။ ခြံစောင့် ကလည်း ၂၄နာရီလုံး ရှိနေတယ်လေ။ ဒီတော့ အလုပ်သမားတွေ ၀ဋ်ရှိသရွေ့တော့ ခံဦးပေါ့။

မခံမရပ်နိုင်ဖြစ်တဲ့ သူတွေက အရေးဆို တောင်းဆိုတော့ ဒီလူပါးဝတဲ့ သူဌေးမျိုးက ပေးမယ်ထင် လို့လား။ ဝေးပါသေးတယ် မိုင်ပေါင်းကုဋေ။ မပေးတဲ့အပြင် ရိုက်မောင်းပုတ်မောင်း လုပ်လိုက်သေးတယ်။ ထုံစံအတိုင်းပေါ့.. ဒီလိုလူမျိုးတွေနားမှာ သခင်အားရ ကျွန်ပါးဝတွေ ကလည်း တစ်ပုံတစ်ပင်လေ။ သူတို့က ခေတ်သစ်သောနုတ္တရမုဆိုးတွေလေ။ မကျေနပ်တဲ့ အလုပ်သမားတစ်ချို့က ကိုယ့်ကိုကိုယ် သတ်သေကြတယ်တဲ့။ တစ်ချို့ က သေ၊ တစ်ချို့ကလည်း ဆေးရုံမှာ နေ့လား ညလားပဲတဲ့။ နောက်ထပ် ဘယ်နှယောက်လဲ သူတို့ လမ်းစဉ်ကို ဆက်လိုက်မလဲ မသိပါဘူး။

ဒီကိစ္စကတော့ ဒီလိုနဲ့ပဲ ပြီးသွားမှာပါပဲ။ လူတွေ သိတောင် သိလိုက်ကြမှာ မဟုတ်ပါဘူး။ စကား တစ်ခုတော့ ကြားဖူးတာပဲ။ ဘာများရင် ဘာနိုင်တယ် ဆိုလားပဲ။ မျက်နှာမွဲတွေအတွက်ကတော့ ဘယ်သူကမှ ဆေးဖော်ကြောဖက် လုပ်မှာ မဟုတ်ဘူးလေ။

အခုက ခေတ်သစ်ကျွန်စနစ်ဖြစ်နေတယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစားပြီး မသေထမင်း၊ မသေဟင်းပဲ ကျွေးထားတယ်။ အလုပ်ကတော့ နေ့ဆိုင်းညဆိုင်းနဲ့ မနားမနေ လုပ်ကြရတယ်။ မလုပ်နိုင်ရင် မလုပ်နဲ့ပေါ့လို့တော့ ဘုပြောလို့ မရဘူးလေ။ သူတို့ဘ၀တွေက နယ်ပြန်တော့လည်း အလုပ်မရှိ၊ အလုပ်မရှိတော့ စားစရာလည်းမရှိ၊ မိသားစုကလည်း တစ်ပုံ တစ်ခေါင်းနဲ့ ဒီတော့ ဒီနွံကနေ ဘယ်လိုလုပ်ရုန်းနိုင်မလဲ။ ဘယ်လိုအင်အားမျိုးနဲ့ ရုန်းမှာလဲ။ နင်းပြားတွေမှာ ရွေးချယ်စရာလမ်းမှ မရှိတာ။

ကိုယ်လည်း သူတို့ကို ကယ်တင်နိုင်လားဆိုတော့ မကယ်တင်နိုင်ပါဘူး။ ဘေးကနေ ဝေမျှခံစား ပေးရုံပဲ တတ်နိုင်တာလေ။ ခပ်ရိုင်းရိုင်းပြောရရင် ဝေဖန်ရေးနဲ့ လေကန်ရေးပဲ လုပ်နိုင်တာလေ။ လူတိုင်းက ကိုယ့်ဇာတ်ညွှန်းနဲ့ ကိုယ်လာတာလို့တော့ ကြားဖူးတာပဲ။ ဒါပေမယ့် ဒီလို ဇာတ်ညွှန်းမျိုးကတော့ ဖန်တီးထားတာလို့ပဲ ခံယူထားတယ်။ ပြုပြင်ပြောင်းလဲလို့ ရတာပဲလေ။ ဆန္ဒရှိမယ်ဆိုရင်ပါ။ ဒါပေမယ့်လည်း မထင်ပါဘူး။ ဒီလိုချောင်းကောမြောင်းကော လူစားတွေဆီ ကနေ တောင်းခံနေလို့ကတော့  ဟိုဒင်းနား ဟိုဟာတီးနေသလို ဖြစ်မှာပဲလေ။ မကျေနပ်လို့ အံကြိတ်ရင်လည်း အံကြိတ်ရလွန်းလို့ သွားကျိန်းတာပဲ အဖတ်တင်မယ်။ သူတို့ဆီမှာ တံခါး အားလုံးကို ပွင့်စေနိုင်တဲ့ Master Key ရှိတယ်လေ။ ဟုတ်ဖူးလား။

သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်။ ဆင်းရဲသားတွေရဲ့ လုပ်အားဟာ လူချမ်းသာတွေရဲ့ ဓနအင်အား ပါတဲ့။

မိုးနေ

h1

ဝေးကွာခြင်း…..

December 19, 2008

ဝေးကွာခြင်း………

အဝေးက ကိုယ်မမှန်းနိုင်တဲ့အရာတွေကိုပဲ မျှော်ကြည့်နေမိတယ်။ အနီးအနားမှာရှိတဲ့ ကိုယ်အလွယ်တကူ ရနေတဲ့အရာတွေကို တန်ဖိုးထားရမှန်း မသိခဲ့ဘူး။ ကိုယ်နဲ့အနီးဆုံး နေထိုင်တဲ့သူတွေကိုလည်း စိတ်ချမ်းသာမှု ပေးနိုင်ခဲ့ချင်မှ ပေးနိုင်ခဲ့မယ်။ အရာရာကို ဒီလိုပဲ အမှတ်တမဲ့နဲ့ ဖြတ်သန်းခဲ့မိတယ်။ ယနေ့ ဆိုတဲ့ နေ့ရက်ကို အလေးအနက်မထားပဲ မနက်ဖြန် အတွက်ပဲ  တွေးပူနေမိရင်း ဒီနေ့ရဲ့ လှပခြင်းတွေကို လျစ်လျူရှုရင်း အချိန်တွေကို ကျော်လွှားခဲ့ မိတယ်။ တဖြည်းဖြည်းနဲ့ ပျော်ရွှင်ခြင်း၊  ကြည်နူးခြင်းတွေနဲ့  ဝေးကွာခဲ့ရတယ်။ မနက်ဖြန်ပေါင်းများစွာကို မျှော်မောရင်း မပီပြင်တဲ့အိပ်မက်စိတ်ကူးတွေနဲ့ပဲ နပမ်းသတ်နေခဲ့တယ်။ ရုပ်ဝတ္ထုတွေ၊ ဖျော်ဖြေစရာတွေ၊ ငွေကြေးတွေနဲ့ စိန်ပြေး တမ်းကစားရင်း မောပန်းလွန်းမက မောလာလို့ ခဏရပ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါမှာ သူတို့နဲ့ ဟိုးးးးးးးးးးးးအဝေးဆုံးကို ရောက်မှန်းမသိ ရောက်ခဲ့ရပြီ။ မိသားစုဆွေမျိုးတွေ၊ မိတ်ဆွေတွေရဲ့ စည်းဝိုင်းအပြင်ဘက်မှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်နေခဲ့ရပြီ။ အပေါ်ယံတွေရဖို့အတွက် ပေးဆပ်လိုက်ရတာကတော့  ……….

မိုးနေ

h1

ဓမ္မနဲ့သာ …. တွေးစေလိုသည်

December 19, 2008

ဓမ္မနဲ့သာ …. တွေးစေလိုသည်

ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ

ယုတ်ညံ့တဲ့ အောင်မြင်ခြင်းထက် စွမ်းအားပိုပြင်းတယ် တဲ့

မာသာလူသာကင်း ပြောသွားတယ်။

ကျွန်တော်တို့ ခင်ဗျားတို့ရော ဘယ်လိုထပ်ပြောမလဲ။

တစ်ခွန်းစကား တစ်ခွန်းနားအတွက်

ခြေဖျားလက်ဖျားလည်း မအေးစေလို

တမေ့တမောလည်း မတွေးတောစေလို

ဖြစ်နေတာတွေကို အပြစ်မရှာစေလို

နယ်တကာလှည့်၍လည်း အကျယ်မချဲ့စေလို

တောဖွဲ့ တောင်ဖွဲ့ ယောင်ယမ်းဘွဲ့တွေနဲ့လည်း စာမဖွဲ့စေလို

တယူသန်စကားတွေနဲ့လည်း  လမ်းမမှားစေလို

မူမမှန်သဘောတရားတွေနဲ့လည်း ပါးစပ်မယားစေသလို

တည်မိသည့်ဘုရား လင်းတပင်နားနား ထိုစကားကိုလည်း အကောက်မမှားစေလို

အကြောက်တရားတွေနဲ့လည်း မချောက်ချားစေလို

မျောက်သားစားဖို့အရေးလည်း မျောက်သာသာပဲ မတွေးစေလို

ချုံကွယ်၍လည်း ခဲမပေါက်ကြစေလို

ယုံလွယ်၍လည်း သရဲမကြောက်ကြစေလို

ဆိုခဲ့ပြီးနောက်

သစ္စာမှန်လျှင် သစ္စာပြန်ဖို့အရေး

ဓမ္မနဲ့သာ တွေးစေလိုသည်။

မေတ္တာမှန်လျှင် မေတ္တာပြန်ဖို့အရေး

ဓမ္မနဲ့သာ တွေးစေလိုသည်။

ဤမြေကမ္ဘာ ဝေဒနာ ဝေးဖို့အရေး

ဓမ္မနဲ့သာ တွေးစေလိုသည်။

ဝဋ်သံသရာ ပြန်မလာ ဝေးဖို့အရေး

ဓမ္မနဲ့သာ တွေးစေလိုသည်။

ဓမ္မနဲ့သာ တွေးစေလိုသည်။

ဓမ္မနဲ့သာ တွေးစေလိုသည်။

ဥတ္တရာ(ရေဆုံး)

h1

ွှTo my ideal person လေးသို့ …

December 17, 2008

သူမ…(My Ideal Person)

တစ်ချိန်က စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အရာတစ်ခုကို ဖြစ်မြောက်အောင် လုပ်ဆောင်ခွင့်ရခဲ့တယ်။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာက အခု ဖြစ်လာခဲ့တယ်။ အဲဒီလို ဖြစ်မြောက်ခွင့်ပေးတဲ့ သူမ ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သူမကြောင့် မက်ချင်တဲ့အိပ်မက်တစ်ချို့ကိုလည်း ရဲရဲရင့်ရင့် မက်ဖို့ ခွန်အားတွေ ရခဲ့တယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ လက်ခံလိုက်တယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ဖြစ်နိုင်တဲ့နည်းလမ်းကို ရှာဖွေနိုင်ရင် တကယ်ဖြစ်လာနိုင်တယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်လက်ခံလိုက်တယ်။ ဒါပေမယ့် သတ္တိတော့ ရှိဖို့ လိုအပ်တယ်လေ။

အရင်တုန်းက ၀ိုးတ၀ိုး မသဲမကွဲချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရဲရင့်ပြတ်သားစွာနဲ့ ချလိုက်နိုင်ပြီ။ အဲဒီ လမ်းကြောင်းအတိုင်း လျှောက်ပြီး ပန်းတိုင်ကို ရောက်အောင်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ အဲဒီလို ဆုံးဖြတ်လိုက်လို့လားတော့ မသိပါဘူး လမ်းစကတော့ တစွန်းတစ မြင်လာရတယ်။ အခက်အခဲ ကတော့ မလွဲမသွေတွေ့မှာပဲလေ။ ဒါပေမယ့် စိတ်မပျက်ပါဘူး။

အရင်တုန်းက သူမနဲ့ စကားပြောဖို့ဆိုတာ အိပ်မက်ထဲမှာတောင် ထည့်မက်ရဲတဲ့အရာတစ်ခု မဟုတ်ပါဘူး။ City FM ကနေ သူမရဲ့ အသံကို အမှတ်မထင် ကြားခဲ့ရတုန်းက  သူမနဲ့ စကားပြောချင်တယ်လို့ စိတ်ကူးလေး ပေါ်ခဲ့တယ် (မရေမရာနဲ့ပါ)။ အခုတော့ သူမနဲ့အတူတူ ကော်ဖီသောက်ခွင့်ရပြီး စကားတွေ ပြောခွင့်ရခဲ့တယ်။ အဲဒီကော်ဖီတစ်ခွက်ဟာ ဘ၀မှာ အနှစ်သာရအရှိဆုံးနဲ့ အကောင်းဆုံး ပါပဲ။ သူမဆီကနေ ငါ သူမလို တော်အောင် ကြိုးစားရဦးမယ်ဆိုတဲ့ အရာတစ်ခုကိုလည်း ပီပီပြင်ပြင်ရလိုက်တယ်။ သူမလို ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်လေ။ အဲဒီလို စိတ်မျိုးဖြစ်အောင် ထည့်ပေးနိုင်တဲ့ သူမကိုလည်း အရမ်းကျေးဇူးတင်တယ်။ သူမက ကော်ဖီတိုက်ရုံတင်မကဘူး စာအုပ်တွေကိုလည်း အမှတ်တရ လက်မှတ်ရေးထိုးပေးလိုက်သေးတယ်။ ဒီနေ့(၁၇-၁၂-၀၈)ရက်နေ့ကတော့… ကိုယ့်ရဲ့ကိုယ်ပိုင်ပြက္ခဒိန်လေးထဲက ရက်ထူးရက်မြတ်လေး တစ်ရက်ပေါ့။ ရုပ်ရည်ကလည်း လှပ၊ စကားပြောလည်းကောင်း၊ တော်လည်းတော်၊ ထက်လည်း ထက်မြက်တဲ့ သူမနဲ့ စကားပြောရတဲ့အချိန်မှာ သူမကို ပြောမယ်လို့ စုဆောင်းထားတဲ့ စကားလုံးတွေ ပျောက်ဆုံးသွားတယ်။ သူမနဲ့ လမ်းခွဲပြီး ပြန်လာတဲ့အချိန်မှာ ခြေထောက်နဲ့ မြေကြီး မထိဘူးလို့တောင် ထင်ရတယ်… မြောက်ကြွ မြောက်ကြွနဲ့ ပြန်လာခဲ့တာ။ မှတ်တိုင်တောင် ကျော်သွားတယ်။

သူမရေ.. သူမကို တကယ်ကျေးဇူးလည်းတင်တယ်.. အားလည်းကျတယ်…. သူမလိုလည်း ထူးချွန်ချင်တယ်….

(သူမ (My Ideal Person) ဆရာမ မနော်ဟရီ ကို ရည်ညွှန်းပါသည်။)

မိုးနေ

h1

ကပေါက်တိ ကပေါက်ချာ….

December 17, 2008

ကပေါက်တိ ကပေါက်ချာ…..

တော်ရာမှာ မနေ.. ပျော်ရာမှာနေတဲ့…. ဒီစကားကို ဘယ်သူ ထွင်ခဲ့တာလဲ… တော်ရာမှာ နေရလွန်းလို့ ကိုယ့်ကိုကိုယ် ဘာမှန်းမသိတော့ဘူး… (အမောင် တောင်မှန်း မြောက်မှန်းမသိတာတောင် ကြာပေါ့…. နေဦး.. မှန်ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြန်မေးကြည့်လိုက်ဦးမယ်)

ဖြစ်သင့်ဖြစ်ထိုက်တာကို ဦးစားပေးရင်း ဖြစ်ချင်တာတွေနဲ့ ဝေး…ဝေး…. ဝေး… သွားတာပဲ အဖတ်တင်တယ်… (ဝေးလွန်းလို့ ဘာနဲ့လိုက်ရမှန်းတာင် စဉ်းစားမပေါက်တော့ဘူး…)

တစ်ခါတစ်လေတော့လည်း ကိုယ်လုပ်ချင်တာကို လုပ်ပစ်မှာပဲ… (ဘယ်သူတွေ ဘာပဲပြောပြော) နောက်ဆုံးရလာဒ်ကတော့ စိတ်ကျေနပ်တယ်လေ… ဒါပဲပေါ့…(ဘယ်သူမှ မထိခိုက်ရင်ပြီးရောလေ… ဟုတ်ဖူးလား…)

ဟိုလိုလုပ်ပါလား.. ဒီလိုလုပ်ပါလား… ငါလည်းမလုပ်တတ်ဖူးနဲ့ တွေ့နေတယ်.. အံ့ရောပဲ… (ဒီမှာတောင်.. ကိုယ့်အာရုံနဲ့ ကိုယ်.. ဒါကို လာပြီး တိုင်စားနေသေးတယ်…)

ဟိုလူကိုလည်း ခေါင်းညိတ်လိုက်… ဒီလူဆိုလည်း ခေါင်းညိတ်လိုက်နဲ့… ပုတ်သင်ညိုဘ၀ကို ဘယ်တုန်းက ရောက်သွားမှန်းမသိ ရောက်နေရတယ်… (အားနာလို့ လိုက်လျောတာကို …အ တယ်လို့ ထင်နေကြတယ်… သိပ်လျှော့မတွက်နဲ့ ပုရွက်ဆိတ်မှာလည်း အဆိပ်ရှိတယ်…)

အရေးထဲ ဘတ်စ်ကားမှတ်တိုင်မှာ စာဖတ်နေတာကို သူရူး တစ်ယောက်လို ကြည့်တာ ခံလိုက်ရသေးတယ်… ကိုယ်က သူ့ကို မကြည့်ရဘူး.. သူက ကိုယ့်ကို ကြည့်သွားတယ် … အံ့ရော… လွဲတော့ လွဲနေတယ်… ဘာလွဲနေမှန်းသာ မသိတာ… (မှတ်တိုင်မှာ စာအုပ်မဖတ်ရဘူးလို့ ဘယ်သူ ပညတ်ချက် ထုတ်ထားလဲ မသိဘူး… Google ထဲ ရှာကြည့်ရဦးမယ်)

ကျွတ် … သွားစမ်းပါ… အဝေးကို ထွက်သွားစမ်းပါ… ဘ၀မှာ စိတ်ညစ်နေဖို့ အချိန်မရှိဘူး…. ရှိလည်း မပေးဘူး… ရှင်းလား…

လိုချင်ရင်တောင်းတဲ့ … ပေးမှာပေါ့တဲ့… အဲဒါမှ သေရော… ကိုယ်က ဘာလိုချင်နေမှန်းမှ မသိတာ.. ကဲကွာ… နောက်ဆုံးတော့ ကိုယ့်နဖူးပဲ ကိုယ်ရိုက်လိုက်တယ်… (တိုင်နဲ့ ခေါင်းနဲ့တော့ ပြေးမဆောင့်ပါဘူး… ဆောင့်စရာလား… လူဆိုတာ… ကိုယ့်ကိုကိုယ် ချစ်ရတယ်တဲ့… ပြောတာပဲ…)

လိုချင်တာ ဆန္ဒ၊ ပိုင်ဆိုင်တာ ဘ၀… တဲ့ သီချင်းတစ်ပုဒ် ကြားဖူးတာပဲ… လိုချင်တာတွေနောက် လိုက်ရင်း ပြေးရင်းနဲ့ စိန်ပြေးတမ်းကစားရတာ မောတောင်လာပြီ… ဒီကစားပွဲက ဘယ်တော့ပြီးမယ်မှန်းလည်း မသိဘူး… (သေချာတာကတော့ ဒိုင်က ပွဲသိမ်းခရာမှုတ်ဖို့ မေ့နေပုံရတယ်…)

အမကတော့ ပြောတယ်…. နင့် ခေါင်းထဲမှာရှိတဲ့ ဂျပ်ခဲကြီးကို ဖြည်ထုတ်လိုက်တဲ့… နင်က အ၀င်ပဲ ရှိတယ်.. အထွက်မရှိဘူးတဲ့…. (သူပြောမှာပဲ ကိုယ်လည်း ဘယ်ဘ၀ရောက်သွားမှန်း မသိတော့ဘူး…) ပြောတော့လွယ်တဲ့… ဘာတွေဖြည်ထုတ်ရမလဲ စဉ်းစားရင်းနဲ့ အိပ်ပျက်ညတောင် များလာပြီ… (အိပ်ဆေးသောက်ပြီး အိပ်လို့တော့ မပြောနဲ့လေ… အိပ်ဆေး သောက်ပြီးမှတော့ အိပ်မနေတောဘူး… မိုးအလင်းပေါက်နေတာကမှ ခပ်ကောင်းကောင်း…)

မှတ်ချက်။ ။  မနေ့ညက အိပ်မပျော်တာနဲ့ စိတ်ထဲရှိတာ လက်က လိုက်ပါထားတာလေ…. ဘာတွေလဲလို့တော့ မမေးနဲ့နော်…. ကိုယ်ကိုယ်တိုင်လည်း ဘာမှန်းမသိဘူး….း)

မိုးနေ



h1

နေပျော်ပါတယ်….

December 11, 2008

သူငယ်ချင်းတစ်ယောက်က မေးတယ်…

ဘ၀ကို နေပျော်ရဲ့လားတဲ့။

သေသေချာချာ စဉ်းစားကြည့်မိတယ်။ နေ့စဉ်ဖြတ်သန်းနေတဲ့ နေ့ရက်တိုင်းမှာ ဒုက္ခ ဒါမှမဟုတ် စိတ်ညစ်စရာဆိုတာ အမြဲတမ်း ကြုံတွေ့နေရတာပဲလေ။ အဲဒီလိုမရှိတဲ့နေ့ဆိုတာ မရှိဘူး။  တစ်မျိုး မဟုတ် တစ်မျိုးနဲ့တော့ ကြုံနေတာပဲလေ။ ငယ်တာနဲ့ ကြီးတာနဲ့ပဲ ကွာတာ။ ဒါပေမယ့် စိတ်ညစ်စရာတွေ၊ ဒုက္ခတွေဆိုတာ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ပျောက်ပျက်သွားတာပဲ။ အဲဒီအထဲမှာမှ ပျော်ရွှင်စရာ၊ ကြည်နူးစရာတွေဆိုတာ ခံစားနေရတာပဲလေ။ ကိုယ်က စိတ်ညစ်စရာတစ်ခုခုကို ခံစားနေရတဲ့အချိန်တုန်းကတော့ ဒါဟာ အကြီးမားဆုံးဒုက္ခလို့ သတ်မှတ်ခဲ့ကြတယ်. အဲဒီအချိန်ကို ကျော်လွန်သွားပြီး တည်ငြိမ်လာတာနဲ့အမျှ အကြီးမားဆုံးလို့ ထင်ထားတဲ့အရာက သင်ခန်းစာပေးတဲ့အရာ ဒါမှမဟုတ် ရယ်မောစေတဲ့အရာအဖြစ် ပြောင်းလဲသွားခဲ့တယ်လေ။

ဘယ်လောက်ကြီးမားတဲ့ စိတ်ညစ်စရာဖြစ်စေ အချိန်တန်ရင် ပြီးမယ်ဆိုတော့ ဒါကို ထဲထဲဝင်ဝင် မခံစားတော့ဘဲ… ဘယ်လိုရင်ဆိုင် ဖြေရှင်းရလဲဆိုတဲ့ နည်းလမ်းကိုပဲ ခေါင်းအေးအေးနဲ့ စဉ်းစား လိုက်တယ်… အဲဒီအခါမှာ ဒီပြသနာကို အသာလေးကျော်လွှားသွားနိုင်တယ်။ တကယ်လည်း ဒီကာလကို လွန်မြောက်သွားရင် ခံစားနေရတဲ့ အရာအားလုံးအားလုံးဟာ ပြစရာမှမရှိတော့တာ။ ၀ိုးတ၀ါးအိပ်မက်လိုပဲလေ။

စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာတွေ သိပ်ခံစားတော့ဘဲ… ပျော်ရွှင်ကြည်နူးစရာတွေကိုပဲ တွေးပြီး ဘ၀ကို ဖြတ်သန်းလိုက်တယ်…

သူငယ်ချင်းရေ…. ဒါကြောင့် ကိုယ့်အတွက် ဘ၀ဆိုတာ ပျော်ရွှင်စရာပါပဲလို့…..

မိုးနေ