Archive for February, 2009

h1

15 ရက်သား … ယင်မနားလေး…

February 26, 2009

15ရက်သား ယင်မနားလေး
(1)
ကျွန်တော် ကမ္ဘာလောကကြီးထဲကို ခြေချပြီး 15ရက်မြောက်တဲ့နေ့။ ကျွန်တော့်အတွက်တော့ ကမ္ဘာပျက်တဲ့နေ့ပေါ့၊။ မေမေနဲ့ကျွန်တော့်ကို ကံဇာတ်ဆရာက ခွဲပစ်လိုက်တယ်။ မေမေ့ရဲ့ နို့ချိုရည်ကို ကျွန်တော် ၀၀လင်လင်တောင် မစို့လိုက်ရသေးဘူး။ မေမေ့ရင်ခွင်မှာ တိုးဝှေ့ချွဲနွဲ့လို့တောင်မှ မ၀သေးဘူး။ ကံကြမ္မာရယ် ရက်စက်လိုက်တာ။ ဘာမှ ပြန်မပြောဘဲ သူစီရင်သလို စီရင်တတ်တဲ့ အဲဒီကံကြမ္မာဆိုတဲ့အကောင်ကြီးကိုပဲ လက်ညှိုးထိုးလိုက်မိတယ်။
ကျွန်တော့်ကို သူတို့ ခြင်းတောင်းတစ်တောင်းထဲထည့်ပြီး မေမေနဲ့ ဝေးရာကို ခေါ်ဆောင်သွားတယ်။ အဲဒီတုန်းက ကျွန်တော် အော်ဟစ်ငိုယိုမိတယ်။ မေမေ . . မေမေ လို့လည်း အော်ခေါ်ရင်းပေါ့။ မေမေကလည်း ကျွန်တော့်ကိုမျက်ရည်တွေဝေသီနေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။ ကျွန်တော် ၀မ်းနည်း လိုက်တာ။ မေမေကလည်း ၀မ်းနည်းပက်လက်နဲ့ `ဘာမှ မတတ်နိုင်ဘူး  . .သားရယ်´လို့ ပြောနေသလိုပဲ။ မေမေ . . .က တဖြည်းဖြည်း . .ဝေး  ဝေးပြီးကျန်ခဲ့တယ်။ ကျွန်တော် အော်ဟစ်ငိုယိုရလွန်းလို့ အသံတောင် မထွက်တော့ဘူး။ ပြီးတော့ ကျွန်တော် မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတယ်။

သိမ့်ခနဲဖြစ်သွားပြီး ကျွန်တော်လန့်နိုးလာတယ်။ ပတ်ဝန်းကျင်ကို အလန့်တကြားဝေ့၀ဲကြည့်လိုက်တယ်။ ကျွန်တော်လုံးဝမသိတဲ့ ဒေသစိမ်းတစ်ခုကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။ ကြောက်လွန်းလို့ ကျွန်တော့်တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်နေတယ်။ ရှိရှိသမျှအင်အားနဲ့ မေမေ့ကို အော်ခေါ်ပြီး ရှာဖွေမိတယ်။ အရင်ဆို ကျွန်တော်က ကြောက်ရင် မေမေ့ရင်ခွင်မှာ ပြေးပုန်းနေကျလေ။ အခုတော့ မေမေမရှိတဲ့နေရာမှာ ကျွန်တော်ရောက်နေတယ်။ မေမေနဲ့ ကျွန်တော် ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် သိလိုက်ရတဲ့အချိန် .   . .`မေမေရယ် . .သားကို ကယ်ပါဦး။ သားကြောက်လိုက်တာ။´ ကျွန်တော်ထပ်ပြီး ငိုမိတယ်။ ၀မ်းနည်းမှုတွေကလည်း တလှိုက်လှိုက်နဲ့။ မေမေကတော့ ကြားနိုင်မှာ မဟုတ်ပါဘူး။ အရင်လို အကာအကွယ်လည်းပေးနိုင်မှာ မဟုတ်တော့ဘူး။ သေချာတာ တစ်ခုကတော့ မေမေလည်းကျွန်တော့်ကို စိတ်ပူနေမှာပါ။ အားမတန်လို့သာ မာန်လျှော့လိုက်ရတာပါ။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို စွန့်လွှတ်ချင်မှာ မဟုတ်ဘူးလေ။

ကျွန်တော့်ကိုယ် ကျွန်တော် အားတင်းလိုက်တယ်။ ခြင်းတောင်းထဲက မရဲတရဲလေးထွက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တယ်။ ကျွန်တော်နဲ့ မနီးမဝေး မှာ နို့တစ်ခွက်နဲ့ ထမင်းတစ်ပန်းကန်တွေ့လိုက်ရတယ်။ ထမင်းနံ့ရမှပဲ ကျွန်တော် ထမင်းမစားရသေးဘူးဆိုတာ သိလိုက်ရတယ်။ အရမ်းကို ဆာလောင်မွတ်သိပ်လာတယ်။ ဟိုဟိုဒီဒီကြည့်ပြီး ထမင်းပန်းကန်နား တိုးကပ်လိုက်တယ်။ ရုတ်တရက်ခြေထောက်တစ်စုံကိုတွေ့တော့ လန့်ဖြတ်ပြီးခြင်းတောင်းထဲ အပြေးပြန်ဝင်လိုက်တယ်။ ဆာကလည်းဆာ ကြောက်ကလည်းကြောက်နဲ့ ကျွန်တော်ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒီတစ်ခါတော့ကျွန်တော် မငိုပါဘူး။ မငိုမိအောင်အားတင်းထားတယ်။ မေမေက ပြောတယ်လေ။ ယောက်ျားဆိုတာ မငိုရဘူးတဲ့။ သတ္တိရှိရမယ်တဲ့။ မေမေ့ကိုချစ်ရင် မေမေ့စကားကို နားထောင်ရမှာပေါ့။ ဒါကြောင့် ကျွန်တော် မငိုတော့ပါဘူး။ `မေမေ . . .သား  မငိုဘူးနော်´

ကျွန်တော် ခေါင်းကိုမော့ ရင်ကိုကော့ပစ်လိုက်တယ်။ ခြေလှမ်းမှန်မှန်နဲ့ ခြင်းတောင်းထဲကထွက်ပြီး ထမင်းပန်းကန်ဆီကို တန်းတန်းမတ်မတ်သွားလိုက် တယ်။ ဘယ်ကိုမှ ဘယ်သူ့ကိုမှ ကြည့်မနေတော့ဘူး။ ဟုတ်တယ်လေ။ ကြည့်မိရင် ကျွန်တော်ကြောက်မိမှာ သေချာတယ်။ စားစရာရှိတာကို အေးအေးဆေးဆေး ငုံ့စားနေလိုက်တယ်။ ကျွန်တော် ဆက်ပြီး အသက်ရှင်နေဖို့အတွက် အစာစားမှဖြစ်မယ်လေ။ နောက်နွားနို့ခွက်နား တိုးကပ်သွားမိတယ်။ နို့ခွက်ကို ကြည့်ပြီး ဘယ်လိုသောက်ရမလဲ စဉ်းစားမိတယ်။ ကျွန်တော်က နို့ကို စို့ပဲ စို့တတ်တာ။ ဒီလို တစ်ခါမှ မသောက်ဖူးဘူးလေ။ ကျွန်တော့်ကို ကျွန်တော်ပြန်ပြောလိုက်တယ်။ `ဟေ့ကောင် …. မင်း အခု ကလေးလေး မဟုတ်တော့ဘူး။  မင်းဘ၀ မင်းဆက်လျှောက်ရမယ်။ မင်းကို နို့ချိုတိုက်ကျွေးမယ့် မင်းမေမေလည်း အနားမှာမရှိတော့ဘူး။ မင်းကိုလည်း ဘယ်သူမှ အကာအကွယ်ပေးမှာ မဟုတ်တော့ဘူး။ မင်းရောက်တဲ့အရပ်မှာ နေတတ်အောင်ကြိုးစားရမယ်။´

ကျွန်တော် နို့ကို ငုံ့သောက်လိုက်တယ်။ ပါးစပ်တစ်ခုလုံးပေကျံသွားတယ်။ တဖြည်းဖြည်းနဲ့ သောက်လို့ အဆင်ပြေလာပါတယ်။ အရင်က မေမေ့နို့ချိုကို စို့ရသလောက်တော့ မကောင်းဘူးပေါ့။ ဘာပဲဖြစ်ဖြစ် နို့လေးသောက်ရတာကိုပဲ ကျေးဇူးတင်နေမိတယ်။ အမှန်တကယ်ဆို ကျွန်တော်က နို့ပြတ်သေးတဲ့ကောင်မှ မဟုတ်တာ။ ဗိုက်ထဲ အစာဝင်သွားတော့ ကျွန်တော် နည်းနည်းနေသာထိုင်သာရှိလာတယ်။ မျက်လုံးတွေစင်းပြီး အိပ်ချင်လာတယ်။ အနာဂတ်အကြောင်းက ခေါင်းထဲရောက်လာတယ်။ ဒါပေမယ့် ကျွန်တော် အခု ဘာမှ မစဉ်းစားချင်သေးဘူး။ အဲဒီအကြောင်း ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။ ဒီနေ့အဖို့ ကျွန်တော်ခံစား ရတာတွေ သိပ်များနေပြီ။ ကျွန်တော်အနားယူဖို့ လိုအပ်နေပြီလေ။ ကျွန်တော်အိပ်လိုက်မှဖြစ်မယ်။ ကျွန်တော် အားပြည့်မှဖြစ်မယ်။ အခု ကျွန်တော်က 15ရက် သား ကလေးလေးမဟုတ်တော့ဘူး။ 15ရက်သား လူကြီးဖြစ်နေပြီလေ။ ကျွန်တော်ရှေ့လျှောက်ရမယ့်လမ်းမှာ ဘယ်လိုအခက်အခဲတွေတွေ့မလဲဆိုတာ မသိဘူး။ ကျွန်တော့်ဘ၀ကို တည်ဆောက်ဖို့ အားအင်အပြည့်ဖြစ်နေဖို့ လိုအပ်တယ်ဆိုတာကိုတော့ သိပါတယ်။
(2)
ကျွန်တော့်ရဲ့နားခိုရာ ကမ္ဘာသစ်လေးက ကျွန်တော့်အပေါ် စိမ်းကားရက်စက်မနေပါဘူး။ သူတို့က ကျွန်တော့်အပေါ်ကို နွေးထွေးမှု ရှိပါတယ်။ ကျွန်တော်လည်း နေရာသစ်မှာ နေသားတကျပျော်ရွှင်အောင် ကြိုးစားနေပါတယ်။ သူတို့က ကျွန်တော့်ကို တော်တော်လည်းချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်သူတို့ကို မကျေနပ် တာ တစ်ခုရှိတယ်။ ကျွန်တော့်ကို `ယင်မနားလေး´လို့ ခေါ်တာလေ။ အဲဒီလိုခေါ်ရင် ကျွန်တော်က ပြန်မထူးဘဲ ပေကပ်နေလိုက်တယ်။ အဲဒီအခါကျတော့လည်း သူတို့က `ဒီကောင်က ကြောင်စကားလည်း မတတ်တဲ့ကောင်၊ လူစကားလည်း မသိတဲ့ကောင်´ဆိုပြီး ကောင်းချီးပေးကြတယ်လေ။ ကျွန်တော်စိတ်တိုလိုက်တာ။ အမှန်ဆို နာမည်လှလှလေးတစ်လုံးတော့ ကျွန်တော့်ကို ပေးသင့်တာပေါ့။ ဒီလို မလှမပတဲ့နာမည်မျိုးတော့ မလိုချင်ပါဘူး။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကျွန်တော်ကလည်း ကျွန်တော်။ တစ်ချိန်လုံး ခုန်ပေါက်ပြေးလွှားဆော့နေတာ။ အိပ်ချိန်နဲ့ စားချိန်ကလွဲရင် နားတယ်ရယ်လို့မှ မရှိတာ။ တစ်ခါတလေသူတို့က ကျွန်တော်ကစားနေတဲ့ပုံကို ဗီဒီယိုရိုက်ထားတယ်။ ကျွန်တော်လည်း ပဲအပြည့်နဲ့ ပို့စ်အမျိုးမျိုးပေးပြီး ဆော့တော့တာပေါ့။ အဲဒီအခါကျတော့လည်း ကျွန်တော်က မင်းသားဖြစ်ပြန်ရော။
သူတို့က နေ့တိုင်းနေ့တိုင်း အပြင်ထွက်နေတာ။ အမြဲတမ်းလိုလို အိမ်မှာ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တာများတယ်။ အဲဒီလိုအချိန်မျိုးဆိုရင် မေမေ့ကို အရမ်းလွမ်းတာပဲ။ ကိုကိုနဲ့ မမတို့ကိုရောပေါ့။ ကျွန်တော့်မိသားစုမှာ ကျွန်တော်က အငယ်ဆုံးလေ။ မေမေရယ် . .ကျွန်တော်တို့ မောင်နှမတတွေ ပျော်ပျော်ပါးပါး ဆော့ကစားခဲ့တာတွေ၊ မေမေ့နို့ချိုရည်ကို လုပြီး သောက်စို့ခဲ့တာတွေ ပြန်ပြီးလွမ်းဆွတ်မိတယ်။ ဒါပေမယ့် ကျွန်တော်နားလည်ပါတယ်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေ ဆိုတာ ပြန်မရနိုင်တော့ဘူးလေ။ ဘ၀ဆိုတာကလည်း ခွဲခွာခြင်းတွေနဲ့ တည်ဆောက်ထားတဲ့အရာလေ။ ကျွန်တော်မေမေနဲ့ အခု မခွဲရလည်း တစ်ချိန်ချိန်တော့ ခွဲရမှာပါပဲ။ ဘယ်သူမှ ရှောင်လွှဲလို့မှ မရတာ။
သူတို့အပြင်က ပြန်လာပြီဆိုရင် ကျွန်တော် ပျော်လည်း အရမ်းပျော်တယ်။ မကျေမနပ်လည်း ဖြစ်မိတယ်။ မကျေနပ်တာက ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထားခဲ့လို့လေ။ အဲဒီအခါကျရင် ကျွန်တော် သူတို့ခြေထောက်ကို ပြေးကိုက်ပစ်လိုက်တယ်။ တကယ်နာအောင်တော့ မလုပ်ပါဘူး။ ကျွန်တော့်ခံစားချက်ကို သိသာရုံလေး ပါးပါးလေးပဲ ပြလိုက်တာပါ။ အဲဒီလိုအခါမျိုးဆို သူတို့က ထွက်ပြေး၊ ကျွန်တော်က လိုက်နဲ့ ၀ရုန်းသုန်းကား ဖြစ်နေတယ်။ ပျော်စရာလည်း ကောင်းပါတယ်။ သူတို့က ကျွန်တော့်ကို `ဟဲ့ .. ယင်မနား။ နင်က ကြောင်လား… ခွေးလား… မျောက်လား´တဲ့။ ခုန်ပေါက်ဆော့ပြီး ကိုက်ဆွဲတတ်တဲ့ ကျွန်တော့်ကို ကောင်းချီးပေးကြတာလေ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခုဆိုရင် ဒီနေရာသစ်လေးမှာ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်နေပါပြီ။ တစ်ခါတစ်ခါတော့လည်း မေမေတို့ကို ပြင်းပြင်းထန်ထန် သတိရပြီး ၀မ်းနည်းမိတဲ့ နေ့ရက်တွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဖြစ်မှ မဖြစ်နိုင်တော့တာ။ လမင်းကြီးနဲ့ ဝေးလို့ ငိုကြွေးနေရင် ကျွန်တော် ကြယ်ကလေးတွေနဲ့ပါ ထပ်ပြီး ဝေးရတော့မှာပေါ့။ မေမေကလည်း ကျေနပ်မှာပါ။ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ရှေ့ဆက်လျှောက်နေတယ်ဆိုတာကိုလေ။
မိုးနေ
Advertisements
h1

အတ္တပန်းများ လန်းနေချိန်

February 17, 2009

အတ္တပန်းများ လန်းနေချိန်

တိတ်တိတ်နေ ထောင်တန်
ဆိတ်ဆိတ်နေ ၀န်ခံ
မထိရှဘဲ နာကျင်ရတဲ့
………………………… ဒဏ်။

ရေများတော့ ရေနိုင်
မီးများတော့ မီးနိုင်
အန္ဓများတော့ ………
…………………. မတရားနိုင်။

မသိလို့ပျော် မတော်ဘဲနေရာယူ
မသူတော် ဇာတ်ထုပ်ရေး
မသင့်မှန်းလည်း မတွေးကြ
မကောင်းဆိုးဝါး..မတရားနဲ့။
နာနာဘာဝတို့ ….. ကမ္ဘာ ။ ။

ဥတ္တရာ(ရေဆုံး)

h1

ငရုတ်သီး

February 14, 2009

ငရုတ်သီး

ငရုတ်သီးဆိုတဲ့ ကျုပ်ရဲ့ သဘောသဘာဝကတော့ စပ်မှာပဲ။ စားဖို့မစားဖို့ကတော့ ခင်ဗျားတို့ သဘော။ စားရင် စပ်မယ်။ မစားရင် မစပ်ဘူးပေါ့ဗျာ။ ဒါကို ခင်ဗျားတို့က စားလည်းစားသေး၊ စပ်တယ်လို့လည်း အပြစ်တင်သေးတယ်။ ကျုပ်ကတော့ ကျုပ်ကို ပေးထားတဲ့ တာဝန် ကျေပွန်အောင်လုပ်ရမှာပဲ။ ကျုပ်လည်း ကမ္ဘာမြေပြင်ပေါ်မှာ နေထိုင်တဲ့ သက်ရှိတစ်ဦးကိုဗျ။ ကိုယ့်ကိုပေးထားတဲ့ တာ၀၀န်တော့ ဦးလည်မသုန် ထမ်းရွက်ချင်တာပေါ့။ ခင်ဗျားတို့ လူသားတွေမှာမှ တာဝန်ရှိတာ မဟုတ်ဘူး။ အခုကျတော့ ခင်ဗျားတို့လူသားတွေက မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ကျနေတာပဲ။ ဘယ်ဟာမှ အပြစ်မလွတ်ဘူး။ စပ်တော့လည်း ကျုပ်ကို ၀ိုင်းပြီး မေတ္တာပို့တယ်။ ဟော.. မစပ်တော့လည်း ခင်ဗျားတို့က ပြောလိုက်တာ မှိုချိုးမျှစ်ချိုး။ ရစရာကို မရှိဘူး။ ဒီကြားထဲ ငရုတ်သီးက ငရုတ်သီးမပီသဘူးဆိုတာက ပါသေးတယ်။ ကျုပ်ဆိုတဲ့ကောင်က ဒါမျိုးဆို နည်းနည်းမှ ခံချင်တာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်ရဲ့ အစွမ်းကို ပြသတော့လည်း ခင်ဗျားတို့ လူသားတွေက မခံနိုင်ကြဘူး။ တော်သေးတာ ပေါ့။ ကျုပ်မှာလည်း ကျုပ်ကို ချစ်ခင်အားပေးနေတဲ့သူတွေ ရှိနေသေးလို့ပေါ့။ ဘာတဲ့။ ခင်ဗျားတို့ လူသားတွေပဲ ပြောပြောနေကြတာလေ။ လူတစ်ယောက်ဟာ သူ့ကို အပြည့် အ၀ထောက်ခံနေသူ အနည်းဆုံးတစ်ယောက်ရှိရင် အားပြည့်တယ်ဆိုလား။ ပြည့်စုံတယ် ဆိုလားပဲ။ ကျုပ်လည်း ခင်ဗျားတို့ရဲ့ စကားကို ယူသုံးပြီး ပြောရမှာပဲ။ ကျုပ်ကို အားပေး နေတဲ့သူတွေအတွက် ဆက်လက်ရှင်သန်ရဦးမှာပဲ။ ငရုတ်သီး ပီသရဦးမှာပဲ။ ကျုပ်ကို ငရုတ်သီးဖြစ်ပြီး စကားကြီးစကားကျယ်ပြောတယ်လို့တော့ မထင်နဲ့။ ကျုပ်တို့ငရုတ်သီး တွေလည်း ခင်ဗျားတို့ လူသားတွေနဲ့ အနေနီးခဲ့တာ ကြာပါကောလား။ ရေကြောမြေကြောလိုက်တယ်ဆိုတာလေ။ ခင်ဗျားတို့နဲ့ အတူတူနေနေမှတော့ ခင်ဗျားတို့လောက်နီးနီး ပြောနိုင်မှ တော်ကာကျမယ်။ မဟုတ်ရင် ခင်ဗျားတို့တွေက နှိမ်လွန်းအားကြီးတယ်။ ကမ္ဘာလောကကြီးမှာ ခင်ဗျားတို့ လူသားတွေပဲ ရှိတာကျနေတာပဲ။ လူသားပါဝါပြလွန်းအားကြီးတယ်။ ကျုပ်ကလည်း ဒါမျိုးဆို ငုံ့မခံတတ်ဘူး။ ဒါကြောင့် ကျုပ်တို့လည်း ကျုပ်တို့ရှိတဲ့အားနဲ့တော့ အစွမ်းပြန်ပြရတာပေါ့။ မဟုတ်ရင် ငရုတ်သီးအစွမ်းအစညံ့ရာကျတော့မှာပေါ့။ ကျုပ်လို ကောင်မျိုးကတော့ ခင်ဗျားတို့ လူသားတွေကို ပခုံးချင်းယှဉ်ရဲပါတယ်။ ငရုတ်သီးဖြစ်ပြီး ငရုတ်သီးမပီသတဲ့ကောင်တွေကို ကျုပ်က သိပ်မုန်းတာ။ အဖက်လုပ်ပြီးတောင် စကား ပြောချင်တာ မဟုတ်ဘူး။ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကို သဘောထားတာ။ ဒီလိုကောင်စားမျိုးတွေကြောင့် ကျုပ်တို့ငရုတ်သီးမျိုးတွေ သိက္ခာကျနေရတာ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်နေရတာ။ ဘယ်နှယ့်ဗျာ။ ငရုတ်သီးပီပီသသပေါ့။ အခုတော့ မဟုတ်ပေါင်။ စပ်ချင်သလိုလို မစပ်ချင်သလိုလို လုပ်နေတယ်။ ပြောရင်းနဲ့ ကျုပ်ဒီကောင်တွေကို ဒေါသထွက်လွန်းလို့ သတ်ပစ်ချင်လာပြီ။ ငရုတ်သီးမှန်ရင် စပ်ရမယ်။ မစပ်ရင် ငရုတ်သီးဘ၀မှာ မနေနဲ့။ ဒါပဲ။ ကျုပ်ရဲ့ခံယူချက်ကတော့။ ဖြစ်နိုင်ရင် ကျုပ်က ကျုပ်တို့လို ငရုတ်သီးပီသတဲ့ကောင်တွေနဲ့ပဲ ငရုတ်သီးလောကကို တည်ဆောက်ချင်တာ။ အေးလေ… ကျုပ်က ဘာတတ်နိုင်မှာမို့လဲ။ လောကကြီးက ဒီလိုပါပဲဆိုပြီး ကျုပ်ကိုယ်ကျုပ် ဖြေသိမ့်နေရတယ်။ ကျုပ်အသက်ရှင်နေသေးသရွေ့တော့ ကိုယ့်အလုပ်ကို တာဝန်ကျေအောင်တော့ လုပ်ရမှာပဲ။ ဒါမှ ကျုပ်ရဲ့ရှင်သန်မှုက လိပ်ပြာသန့်မယ်လေ။

မိုးနေ
(မှတ်ချက်။ ။ အလွန်တရာမှမနေနိုင်မထိုင်နိုင်အောင် ပူးပြင်းစပ်ရှလှသော ငရုတ်သီးတောင့်အား စားမိပြီးသကာလ ထွက်ပေါ်လာသော အတွေးတစ်စကို ဆွဲထုတ်ခြင်း)

h1

သခင်အောင်ဆန်း တရား၊ ပြောလိုက်ပါဘိ ဟောပါဘိ

February 13, 2009

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအနေနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတင်လိုက်ပါတယ်။

သခင်အောင်ဆန်း တရား

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း

မင်း၏သားငယ်၊ မင်းသက်လှယ်ကို

အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ

ဆန်း၏ သမာဓိ၊ ဆန်း၏ပညာ

ဟောစရာကား၊ အလွန်များ၏

မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်

လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို ပန်းကောင်းတစ်ပွင့်၊ ပန်ဆင့်တင့်သို့

မင့်သား သိစေချင်လှ၏။

သူ့အစွမ်းကား၊ အခြားမဟုတ်

အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ

မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်

ဗန်းပြအလှ၊ ပကာသနကို

ပြာကျလောင်မြိုက်၊ သူမီးတိုက်၏

ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ

ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို့ဆောက်၏

ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်

ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်

ပျံတလူလူ၊ သူ ထူခဲ့ကြောင်း

ခေါင်းဆောင်သဘော

မင့်သားချောကို

ပြောလိုက်ပါဘိ ဟောပါဘိ။

ဇော်ဂျီ

လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄(၁၅၊ ၇၊ ၁၉၆၆)

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏သက်လှယ်၊ မင့်သားငယ်သည်

သက် နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။

သူ သုံးနှစ်သား၊ ဖော်ချင်းများနှင့်

အူယား ဖားယား

ကားစားရာမှ၊ နွားရုပ်ချ၍

နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့

ပြေးဝင်ပုန်းလာ၊ သူ့မူရာကို

ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍

ထိုမှ ဤမှ၊ တို့လမ်းမတွင်

ပျံကြ ၀ဲကြ၊ ငရဲထသို့

အုံကြွမြည်အာ၊ မသာယာကို

ငါ ကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင် ထိုချိန်တင်၏

သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်

ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏

မြေခ သတင်း၊ မိုးကြိုးခွင်းသို့

အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌

မချင့်မရဲ၊ ၀မ်းနည်းခံခက်

မျက်စိ မျက်နှာ၊ ညှိုးကျရှာသည်

ရွာဦးပိုင်းမှ သချုင်္ိင်းထိ။

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်

သူတို့ခေတ်၌

တိုင်းချစ် ပြည်ခင်၊ မြတ်စေချင်၏

မင်းမြင် ငါကြား၊ စကားဥဒါန်း

ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ

ဆန်း၏ပညာ ဆန်းမှာ ဆုံပေါင်း

ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော

မင့်သားချောကို

ပြောလိုက်ပါဘိ ဟောပါဘိ။

ဇော်ဂျီ

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ၊ ဇူလိုင် ၁၉၆၄

h1

တေလေလေးများ ဒိုင်ယာရီ

February 12, 2009

တေလေလေးများ ဒိုင်ယာရီ

ဒီကဗျာမှာ နေရာမှားတဲ့ ၂၄နှစ်သားတွေကို သနားတယ်။

ဒီအတိုင်းပဲ …

လမ်းမသိဘဲ လျှောက်နေတဲ့ ခြေထောက်တွေက

ဟိုမရောက် ဒီမရောက်နဲ့

လက်ဘက်ရည်ဆိုင်ကို ထွက်ခဲ့တဲ့ ရည်ရွယ်ချက်က

လမ်းဘက်ကို ထွက်ငေးဖို့သက်သက်ပဲလား။

ဒီအတိုင်းပဲ…

တစ်ရက်ပြီး တစ်ရက် ကြက်တွန်လို့ မိုးစင်မှန်းမသိ

မိုးစင်လို့ ကြက်တွန်မှန်းမသိတဲ့ မနက်ခင်းတွေနဲ့သာ

တ၀ိုးတ၀ါး  နေ၀င် မိုးချုပ်…

မနက်ဖြန်တွေ စုန်းစုန်းမြုပ်တော့မှာလား။

ဒီအတိုင်းပဲ …

ဗလာမပါ ကံစမ်းမဲတွေနဲ့ …. လွဲ

အပေါ်ကြေးပေါက်တဲ့ ဘောလုံးပွဲတွေနဲ့ …. လွဲ

ကွန်ပျူတာကီးဘုတ်ပေါ်က ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ အဖြေထွက်တဲ့

အင်တာနက် ချိတ်ဆက်မှုတွေနဲ့ … လွဲ

လိုချင်တာ အကြိုက်ပေး အမိုက်လေးတွေ ဘေးလာရပ်တဲ့ နိုက်ကလပ်တွေနဲ့ ….လွဲ

ဆေးရောင်စုံ ရုပ်ရှင်ရုံထဲက အတူပျော်ဇာတ်လမ်းအနမ်းလေးတွေနဲ့… လွဲ

မိုးထိလုလု အထပ်မြင့်မြင့် မျှော်စင်ကြီးတွေနဲ့ … လွဲ

င၀ိုင်းမပါရင် မလာစေချင်တဲ့ စက်ရုပ်လူရိုင်းအသိုင်းအ၀ိုင်းတွေနဲ့.. လွဲ

ကြိတ်မနိုင် ခဲမရ ခါချဉ်ကောင်ဒေါသတွေနဲ့… လွဲ

ကမ္ဘာမှားမှာ နာဖျားနေသူ ကော်ဖီပူပူလေးနဲ့ … လွဲ

လူမဲ့သူမဲ့ ပူနေတဲ့ ဘ၀ရဲ့ အခန်းကျဉ်းလေးထဲမှာ …. ။

ဒီအတိုင်းပဲ…

လက်ဘက်ရည်ဆိုင်ဘ က် ထွက်ငေးရင်

လင်းကြက်တွန်သံ နားစွင့်ရင်း

စက်ရုပ်လူရိုင်းတွေကြား အဓိပါယ်မှား အပြောခံထိရင်း

အဆုတ်ကို နာနာထိတဲ့ ဆေးပြင်းလိပ်တွေကို မီးဆက်ညှိရင်း

ရင်ဘတ်ကို လာလာကလိတဲ့ လောင်းရိပ်တွေကို အံဆက်ကြိတ်ရင်း

(အခန်းကျဉ်းလေးထဲကနေ …)

ဒီနေရာက ၂၄နှစ်သားတွေကို ငါ သနားတယ်။

ဥတ္တရာ(ရေဆုံး)

h1

ငါ.. မုန်းတယ်

February 11, 2009

ငါ … မုန်းတယ်

ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အားနာပါးနာ လုပ်နေတဲ့ ငါ့ ကိုယ်ငါ မုန်းတယ်…

ငါ မပြောချင်တဲ့ စကားတွေကို အားနာပါးနာ ပြောနေတဲ့ ငါ့ ကိုယ်ငါ မုန်းတယ် …

ဖြစ်ချင်တာတွေကို ဖြစ်အောင် မစွမ်းဆောင်နိုင်တဲ့ ငါ့ ကိုယ်ငါ မုန်းတယ်…

ငါ ချစ်ခင်တဲ့သူတွေကို စိတ်ချမ်းသာအောင် မထားနိုင်တဲ့ ငါ့ ကိုယ်ငါ မုန်းတယ်…

မပြောသင့်ဘူးထင်တယ်လို့ တွေးထားတဲ့ စကားတွေကို မထိန်းချုပ်နိုင်ဘဲ ပြောလိုက်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်..

ဆုံးဖြတ်ချက်တွေ အမြဲတမ်း ယိုင်နဲ့တတ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်…

အခုလက်ရှိ ကပ်ပါးကောင် ဘ၀ဖြစ်နေတဲ့ ငါ့ကိုယ်ငါ မုန်းတယ်…

ကြိုးစားရမယ်ဆိုတာကို သိရဲ့သားနဲ့ မိုက်တွင်းနက်နက်နေတဲ့ ငါ့ ကိုယ်ငါ မုန်းတယ်..

မိုးနေ

h1

မနာလိုမှု

February 8, 2009

မနာလိုမှု

ဒီစကားလုံးနဲ့ပတ်သက်ပြီး အတွေးတွေ ဆင့်ပွားမိတယ်။ လူတိုင်း လူတိုင်းမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါလောက်တော့ ဖြစ်ပေါ်ဖူးမှာ သေချာပါတယ်..

ဒီစိတ်ဖြစ်ပေါ်တယ်ဆိုတာ သွယ်ဝိုက်သောအားဖြင့် အားကျခြင်းပါပဲ။ ကိုယ့်ဆီမှာ မရှိတဲ့အရာ၊ ကိုယ်မပိုင်ဆိုင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့လူနဲ့ တွေ့ဆုံလိုက်တာနဲ့ အားကျစိတ်ဖြစ်ပေါ်သွား တယ်။ ဒီစိတ်ကို မသိလိုက်ခင်မှာပဲ မနာလိုမှုအသွင်ကူးပြောင်းသွားတယ်။ အားကျခြင်းက အကောင်းမြင်စိတ်ဖြစ်ပြီး မနာလိုခြင်းကတော့ အဆိုးမြင်ဝါဒနဲ့ အားကျခြင်းပါပဲ။

လူတစ်ယောက်ကို အားကျစိတ်ဖြစ်ပေါ်လိုက်တာနဲ့ ထိုလူလို ဖြစ်ချင်စိတ်၊ ကြိုးစားချင်စိတ်တွေ တပြိုင်တည်း ပေါ်လာတယ်။ ဖြစ်အောင်လုပ်ဖို့လည်း အားထုတ်ပြီး နည်းလမ်းတွေ ရှာဖွေ တယ်။ ဒီအားကျစိတ်က တဖြည်းဖြည်း ထက်သန်လာပြီး Burning Desire အဖြစ် အသွင် ကူးပြောင်းသွားတယ်။ ဘ၀ကို ဒီတွန်းအားနဲ့ပဲ မောင်းနှင်တော့တယ်။

မနာလိုခြင်းကတော့ ဒီလိုမဟုတ်ပါဘူး။ အားကျခြင်းတော့ အားကျခြင်းပါပဲ။ သူက တစ်ဘာသာ။ ကိုယ့်ထက်အစစအရာရာ သာလွန်နေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရင် မသိစိတ်ကနေ အားကျသွားတယ်။(အားကျလို့ အားကျလိုက်မှန်းကို မသိလိုက်တဲ့ တဒင်္ဂလေးပါ) ဒါပေသိ သိစိတ်ကတော့ ဒီလူအပေါ် မနာလိုဝန်တိုစိတ် ဖြစ်ပေါ်လာတယ်။ ဒီ စိတ်ကြောင့်ပဲ ဒီလူကို မုန်းတီးတယ်။ ဂရုမစိုက်ဘဲ နေနိုင်လား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အသေးစိတ် အစစအရာရာ စောင့်ကြည့်ဝေဖန်နေတယ်။ ကိုယ်က သူ့လို ဖြစ်အောင်လုပ်လား ဆိုတော့ မလုပ်ပါဘူး။ လုပ်လည်းမလုပ်နိုင်ပါဘူး။ အားထုတ်မှု ရှိလားဆိုတော့လည်း မရှိပါဘူး။ ဒါကြောင့် ဘေးထိုင်ဘုပြောပြီး ဒီလူရဲ့ ခြေလှမ်းအမှားကို စောင့်ကြည့်ပြီး လှောင်ပြောင် သရော်ဖို့ အသင့်ပြင်ထားတယ်။

မနာလိုခံရတဲ့သူက ဘာမှမဖြစ်ပေမယ့် (စိတ်အနှောင့်အယှက်တော့ ဖြစ်တာပေါ့) ဒီစိတ်ဖြစ်ပေါ် နေတဲ့သူကတော့ နေ့စဉ်နဲ့အမျှ ကိုယ့်စိတ်နဲ့ကိုယ် သောက၀န်ထုပ်ကို ထမ်းပိုးထားတယ်။ ပတ် ၀န်းကျင်ကို ကြည့်တော့လည်း အလွှာတစ်ခုခြားထားတော့ အမှန်ကို မမြင်နိုင်ပါဘူး။ ဆုံးရှုံးမှုတွေသာ တိုးလာတယ်။ ဒီလိုဖြစ်လာလေ အဲဒီလူအပေါ် မနာလိုစိတ်ပိုကြီးထွားလေ ဖြစ်လာတယ်။ အမုန်းတရားတွေ ပိုများလာတယ်။ မုန်းတီးမှုများလာလေ မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဘ၀မှာ ဆုံးရှုံးမှု ပိုများလေနဲ့ သံသရာလည်နေတယ်။

တစ်ချို့သောသူတွေက မိမိရဲ့ မနာလိုစိတ်ဖြစ်ပေါ်မှုကို သိပြီး ထိန်းချုပ်နိုင်တယ်။ ဒီစိတ်ကို ပျောက်အောင်လည်း လုပ်နိုင်တယ်။ တစ်ချို့ကတော့ ဒီစိတ်ကိုပဲ ဘ၀တစ်လျှောက်လုံး လက်တွဲဖော်အဖြစ် ရွေးချယ်ထားတယ်။ တစ်ယောက်မဟုတ် တစ်ယောက်ကိုတော့ အမြဲ မနာလိုဝန်တိုမှုဖြစ်နေပြီး ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေလေ့ရှိတယ်။ ဒါကိုပဲ ကျေနပ်နှစ်သိမ့်နေတယ်။

မိုးနေ