h1

ငရုတ်သီး

February 14, 2009

ငရုတ်သီး

ငရုတ်သီးဆိုတဲ့ ကျုပ်ရဲ့ သဘောသဘာဝကတော့ စပ်မှာပဲ။ စားဖို့မစားဖို့ကတော့ ခင်ဗျားတို့ သဘော။ စားရင် စပ်မယ်။ မစားရင် မစပ်ဘူးပေါ့ဗျာ။ ဒါကို ခင်ဗျားတို့က စားလည်းစားသေး၊ စပ်တယ်လို့လည်း အပြစ်တင်သေးတယ်။ ကျုပ်ကတော့ ကျုပ်ကို ပေးထားတဲ့ တာဝန် ကျေပွန်အောင်လုပ်ရမှာပဲ။ ကျုပ်လည်း ကမ္ဘာမြေပြင်ပေါ်မှာ နေထိုင်တဲ့ သက်ရှိတစ်ဦးကိုဗျ။ ကိုယ့်ကိုပေးထားတဲ့ တာ၀၀န်တော့ ဦးလည်မသုန် ထမ်းရွက်ချင်တာပေါ့။ ခင်ဗျားတို့ လူသားတွေမှာမှ တာဝန်ရှိတာ မဟုတ်ဘူး။ အခုကျတော့ ခင်ဗျားတို့လူသားတွေက မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ကျနေတာပဲ။ ဘယ်ဟာမှ အပြစ်မလွတ်ဘူး။ စပ်တော့လည်း ကျုပ်ကို ၀ိုင်းပြီး မေတ္တာပို့တယ်။ ဟော.. မစပ်တော့လည်း ခင်ဗျားတို့က ပြောလိုက်တာ မှိုချိုးမျှစ်ချိုး။ ရစရာကို မရှိဘူး။ ဒီကြားထဲ ငရုတ်သီးက ငရုတ်သီးမပီသဘူးဆိုတာက ပါသေးတယ်။ ကျုပ်ဆိုတဲ့ကောင်က ဒါမျိုးဆို နည်းနည်းမှ ခံချင်တာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်ရဲ့ အစွမ်းကို ပြသတော့လည်း ခင်ဗျားတို့ လူသားတွေက မခံနိုင်ကြဘူး။ တော်သေးတာ ပေါ့။ ကျုပ်မှာလည်း ကျုပ်ကို ချစ်ခင်အားပေးနေတဲ့သူတွေ ရှိနေသေးလို့ပေါ့။ ဘာတဲ့။ ခင်ဗျားတို့ လူသားတွေပဲ ပြောပြောနေကြတာလေ။ လူတစ်ယောက်ဟာ သူ့ကို အပြည့် အ၀ထောက်ခံနေသူ အနည်းဆုံးတစ်ယောက်ရှိရင် အားပြည့်တယ်ဆိုလား။ ပြည့်စုံတယ် ဆိုလားပဲ။ ကျုပ်လည်း ခင်ဗျားတို့ရဲ့ စကားကို ယူသုံးပြီး ပြောရမှာပဲ။ ကျုပ်ကို အားပေး နေတဲ့သူတွေအတွက် ဆက်လက်ရှင်သန်ရဦးမှာပဲ။ ငရုတ်သီး ပီသရဦးမှာပဲ။ ကျုပ်ကို ငရုတ်သီးဖြစ်ပြီး စကားကြီးစကားကျယ်ပြောတယ်လို့တော့ မထင်နဲ့။ ကျုပ်တို့ငရုတ်သီး တွေလည်း ခင်ဗျားတို့ လူသားတွေနဲ့ အနေနီးခဲ့တာ ကြာပါကောလား။ ရေကြောမြေကြောလိုက်တယ်ဆိုတာလေ။ ခင်ဗျားတို့နဲ့ အတူတူနေနေမှတော့ ခင်ဗျားတို့လောက်နီးနီး ပြောနိုင်မှ တော်ကာကျမယ်။ မဟုတ်ရင် ခင်ဗျားတို့တွေက နှိမ်လွန်းအားကြီးတယ်။ ကမ္ဘာလောကကြီးမှာ ခင်ဗျားတို့ လူသားတွေပဲ ရှိတာကျနေတာပဲ။ လူသားပါဝါပြလွန်းအားကြီးတယ်။ ကျုပ်ကလည်း ဒါမျိုးဆို ငုံ့မခံတတ်ဘူး။ ဒါကြောင့် ကျုပ်တို့လည်း ကျုပ်တို့ရှိတဲ့အားနဲ့တော့ အစွမ်းပြန်ပြရတာပေါ့။ မဟုတ်ရင် ငရုတ်သီးအစွမ်းအစညံ့ရာကျတော့မှာပေါ့။ ကျုပ်လို ကောင်မျိုးကတော့ ခင်ဗျားတို့ လူသားတွေကို ပခုံးချင်းယှဉ်ရဲပါတယ်။ ငရုတ်သီးဖြစ်ပြီး ငရုတ်သီးမပီသတဲ့ကောင်တွေကို ကျုပ်က သိပ်မုန်းတာ။ အဖက်လုပ်ပြီးတောင် စကား ပြောချင်တာ မဟုတ်ဘူး။ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကို သဘောထားတာ။ ဒီလိုကောင်စားမျိုးတွေကြောင့် ကျုပ်တို့ငရုတ်သီးမျိုးတွေ သိက္ခာကျနေရတာ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်နေရတာ။ ဘယ်နှယ့်ဗျာ။ ငရုတ်သီးပီပီသသပေါ့။ အခုတော့ မဟုတ်ပေါင်။ စပ်ချင်သလိုလို မစပ်ချင်သလိုလို လုပ်နေတယ်။ ပြောရင်းနဲ့ ကျုပ်ဒီကောင်တွေကို ဒေါသထွက်လွန်းလို့ သတ်ပစ်ချင်လာပြီ။ ငရုတ်သီးမှန်ရင် စပ်ရမယ်။ မစပ်ရင် ငရုတ်သီးဘ၀မှာ မနေနဲ့။ ဒါပဲ။ ကျုပ်ရဲ့ခံယူချက်ကတော့။ ဖြစ်နိုင်ရင် ကျုပ်က ကျုပ်တို့လို ငရုတ်သီးပီသတဲ့ကောင်တွေနဲ့ပဲ ငရုတ်သီးလောကကို တည်ဆောက်ချင်တာ။ အေးလေ… ကျုပ်က ဘာတတ်နိုင်မှာမို့လဲ။ လောကကြီးက ဒီလိုပါပဲဆိုပြီး ကျုပ်ကိုယ်ကျုပ် ဖြေသိမ့်နေရတယ်။ ကျုပ်အသက်ရှင်နေသေးသရွေ့တော့ ကိုယ့်အလုပ်ကို တာဝန်ကျေအောင်တော့ လုပ်ရမှာပဲ။ ဒါမှ ကျုပ်ရဲ့ရှင်သန်မှုက လိပ်ပြာသန့်မယ်လေ။

မိုးနေ
(မှတ်ချက်။ ။ အလွန်တရာမှမနေနိုင်မထိုင်နိုင်အောင် ပူးပြင်းစပ်ရှလှသော ငရုတ်သီးတောင့်အား စားမိပြီးသကာလ ထွက်ပေါ်လာသော အတွေးတစ်စကို ဆွဲထုတ်ခြင်း)

5 comments

  1. မောင်သာရနဲ့မမစန္ဒာတို့တွဲရေးတဲ့စာအုပ်လေးကိုသွားသတိရတယ်
    ငရုတ်မှန်လျင်စပ်ရမည်တဲ့..မောင်သာရရေးတာ
    မစပ်သောငရုတ်..တဲ့..မစန္ဒာရေးတာ


  2. မမိုးနေရေ… ဟုတ်တယ်..ငရုတ်သီးဆိုစပ်မှ..မစပ်တော့ငရုတ်သီးမပီသဘူးပေါ့။
    အတွေးကောင်းတယ်..လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့စကားအမှန်ပေါ့း)


  3. မမိုးနေ ..စာကြွေးတင်တာတွေ မွေနှောက်ဖတ်သွားတယ်… CBOX မရှိလို့ဒီနေရာက အသိပေးခဲ့တယ်။ စကားတွေ အရင်လိုပြောချင်သေးတယ်။ မအားဘူးဖြစ်နေလို့ ..
    ရွှင်လန်းပါစေ.။


  4. တို့ကတော့ အစပ်ကို အသေကြောက်လို့ ငရုပ်သီးဆို လှည့်ကို မကြည့်ဘူး


  5. ကိုမိုးနေရေ
    ကိုမိုးနေ ငရုတ်သီးက တော်တော်စပ်တာပဲ နောက်လည်း ငရုတ်သီးထက် စပ်တဲ့ အတွေးတွေကို ရေးဖို့ ကြိုးစားကြည့်ပါဦး
    အားပေးနေတယ်နော်



Leave a reply to စိုးသင့်ဆွေ Cancel reply