Archive for March, 2009

h1

ဒီလိုပါပဲ

March 20, 2009

ဒီလိုပါပဲ

မမ…. ငါ … ဖေဖေနဲ့ တွေ့ခဲ့တယ်။ ရုပ်ရှင်တွေထဲကလို ၀မ်းသာအားရ ပြေးမဖက်ခဲ့ပါဘူး။ ၀မ်းနည်းပက်လက် လည်း မငိုကြွေးခဲ့ပါဘူး။ ဒီလိုလေးပဲ တွေ့ခဲ့တာပါ။ ဖေဖေ နောက်အိမ်ထောင်ပြုလိုက်ပြီ ဆိုတာကော နင်သိလား။ နောက်အိမ်ထောင်ပြုလိုက်တာကို အပြစ်မပြောပါဘူးဟာ။ ပြုလိုက်တာ ကောင်းပါတယ်။ ငါတို့ကလည်း ဖေဖေနဲ့ နီးနီးကပ်ကပ်မှ မနေနိုင်တာ။ ဒါပေမယ့်လည်း ……..။

ဖေဖေက ငါတို့ကို မဆက်သွယ်ခဲ့ဘူးနော်။  မြို့ကလေးမှာ သူရှိနေတာတောင် ငါတို့ကို အဆက်အသွယ် မလုပ်ဘူးဟ။ ငါကလည်း ချော်တော်ငေါ့ပြီး ရောက်သွားတာပါ။ ဘယ်တုန်းကမှ ငါတို့အပေါ် နွေးထွေးမှုမရှိတဲ့ မြို့ကလေးက သူ့ထုံးစံကို မဖျက်ပါဘူး။ စိမ်းစိမ်းကားကားပါပဲ။ ငါ တောင်ကြီးက ဆင်းလာတော့ ဦးလေးနီကားနဲ့ ဆင်းလာတာလေ။ ကားပေါ်က ဆင်းဆင်းချင်း ဘယ်မှမ၀င်ဘဲ.. အိမ်ကလေးဆီကို တန်းသွားမိတာဟ။ ဘာရယ် မဟုတ်ပါဘူး။ စိတ်က သွားချင်လို့လေ

အိမ်ထဲမှာ လူရှိနေတဲ့ အရိပ်အရောင်ဆိုတော့ ငါ အံ့သြသွားတယ်ဟ။ အဲဒီအိမ်လေးမှာ လူမရှိတာ(လူမနေတာ) ငါ့တစ်သက်ပဲ မဟုတ်လား။ ထူးဆန်းတယ်ဆိုပြီး ခြံတံခါးဖွင့်ဝင် လိုက်တာ။ ဖေဖေ့ကို ဒီအိမ်လေးမှာ ပြန်တွေ့ရမယ်လို့ လုံးဝမျှော်လင့်မထားမိဘူး။ ပြီးတော့ ဒီလိုအခြေအနေမျိုးနဲ့ကောလေ။ ငါ ခြံထဲဝင်လိုက်တော့ လူတစ်ယောက် ထွက်လာတယ်။ အဲဒါ ဖေဖေ။ ငါ.. ကြောင်သွားတယ်။ ရုတ်တရက်ဆိုတော့ ဘာစကားမှ ထွက်မလာပါဘူး။ ဖေဖေက `ဘယ်တုန်းကရောက်လဲ … သမီးငယ်။ အိမ်ထဲဝင်လေ´ တဲ့။ ငါက `အခုပဲ။ အခုပဲ ရောက်တာ´လို့ ပြန်ဖြေလိုက်တယ်။ ဧည့်သည်တစ်ယောက်လို ဧည့်ခန်းထဲ ၀င်ထိုင်လိုက်တယ်။ ခဏကျတော့ မိန်းမတစ်ယောက် ထွက်လာတယ်။ ဖေဖေက မိတ်မဆက်ပေးဘူး။ ငါကလည်း မမေးပါဘူး။ ဖွင့်ပြောစရာမလိုဘဲ သိနိုင်တဲ့ အကြောင်းအရာတွေက အများကြီး မဟုတ်လား။

ဖေဖေနဲ့ ငါ စကားနည်းနည်း ပြောဖြစ်တယ်။ တကယ့်ကို နည်းနည်းလေးပါ။ ဖေဖေက `အဆင်ပြေတယ် မဟုတ်လား။ သမီးကြီးကော။ သားကြီးကတော့ ဖေဖေ့ဘ၀ထဲက ထွက်သွားပြီ´တဲ့။ ဒါပါပဲဟာ။ ငါတို့ ပြောခဲ့တဲ့စကားတွေက။ (သားကြီးက ဖေဖေ့ဘ၀ထဲက တရားဝင်ထွက်သွားပြီ ဆိုပေမယ့် ကျန်ခဲ့တဲ့သမီးနှစ်ယောက်ကလည်း ဖေဖေ့ဘ၀ထဲကနေ တရားမ၀င် ထွက်သွားရတာပဲ မဟုတ်လား။) နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အဖေနဲ့ သမီးကြားမှာ ပြောစရာစကားလုံးတွေပျောက်ဆုံးပြီး အကြောင်းအရာမရှိတာ တော်တော် ထူးဆန်းတယ်နော်။ ပြီးတော့ ဖေဖေနဲ့ ထမင်းလက်ဆုံစားဖြစ်တယ်။ ဖေဖေ့ရဲ့ သက်ဆိုင်သူနဲ့ ကောပေါ့။ အမှတ်တရအနေနဲ့ပါ။ ဘ၀မှာ မချိုမြိန်တဲ့ နောက်ထပ် ထမင်းတစ်ပိုင်းပေါ့ဟာ။ နောင်ဘယ်အချိန်မှာ ပြန်တွေ့ရမလဲဆိုတာ မသိနိုင်ဘူးလေ။ ဒါကြောင့်ပါ။ သေချာတာတစ်ခု ကတော့ ငါ နောက်ထပ် ပြန်လာဖြစ်မှာ မဟုတ်ဘူးဆိုတာပဲ။

ဖေဖေ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ ဘယ်အိမ်မှာ အိပ်ရင်ကောင်းမလဲ။ ရွာသွားရင် ကောင်းမလားပေါ့ စဉ်းစားရင်း လမ်းလျှောက်လာခဲ့တယ်။ အဘွားတို့အိမ်ရှေ့ရောက်တော့ ငယ်ငယ်တုန်းက ပျော်ရွှင်ခဲ့တာတွေကို သွားသတိရလိုက်သေးတယ်။ အဘွားတို့အိမ်ကလည်း တကယ်ကို ယိုယွင်းနေပါပြီဟာ။ သိတယ်မဟုတ်လား။ အေးလေ … ငါတို့အတွက် အလုံခြုံဆုံး၊ အနွေးထွေးဆုံးလို့ ထင်ထားခဲ့တဲ့ ငါတို့ရဲ့ အိမ်ကလေးကတောင် အစိမ်းရောင်တွေ လွှမ်းခြုံထားတာ ဆိုတော့ ….။

ငါ.. ဘယ်အိမ်မှာမှ မအိပ်ဖြစ်ခဲ့ပါဘူး။ ဘယ်သူနဲ့မှလည်း မတွေ့ခဲ့ပါဘူး။ စကားလည်း မပြောချင်ပါဘူးဟာ။ မေးခွန်းတွေကိုလည်း မဖြေချင်ဘူးလေ။ ကရုဏာသက်ချင်ယောင်ဆောင်ထားတဲ့ မျက်ဝန်းတွေနဲ့လည်း ရင်မဆိုင်ချင်ဘူးဟ။ နောက်ဆုံးအခေါက် ဗင်ကားနဲ့ တောင်ကြီးပြန်တက်လာခဲ့တယ်။ တောင်ကြီးရောက်တော့ ညနေစောင်းနေပြီဟ။

မေမေ့အိမ်ကိုလည်း မသွားချင်ဘူး။ မေမေနဲ့လည်း မတွေ့ချင်ဘူး။ ဖေဖေနဲ့မေမေက ကိုယ်ပိုင်မိသားစုဘ၀တစ်ခုစီနဲ့ နေသားကျပျော်ရွှင်နေတာ့ .. အခုအချိန်မှာ အဲဒီမြင်ကွင်းကို ထပ်မမြင်ချင်ဘူး ဖြစ်နေတယ်။ ဖေဖေ့ရဲ့ မိသားစုက ငါတို့မိသားစုမဟုတ်သလို၊ မေမေ့မိသားစု ကလည်း ငါတို့ မိသားစု မဟုတ်ဘူးလေ။ Home Sweet Home လို့ ခေါ်တွင်တဲ့ ငါတို့အတွက် လုံခြုံနွေးထွေးမယ့်အိမ်ကလေးက ဘယ်ဆီမှာ ရှိမှန်း မသိဘူးလေ။ မရှိဘူး ထင်ပါတယ်။

ဒါကြောင့် ရွှေကမ္ဘာကားနဲ့ မန္တလေး ဆင်းလာခဲ့တယ်။ မန္တလေးရောက်တော့ မြစ်ကြီးနားသွားရင် ကောင်းမလား စဉ်းစားလိုက်သေးတယ်။ မသက်ဆီကိုလေ။ ဒါပေမယ့်လည်း… မသွားဖြစ်ပါဘူးဟာ။ မန္တလေးမှာ တနေကုန်နေပြီး ညကားနဲ့ ရန်ကုန် ပြန်လာခဲ့တယ်။ ရန်ကုန်မြို့က အိမ်လို့ ငါတို့ အမည်ပေးထားတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးဆီကိုပဲ ပြန်လိုက်တယ်။

ဒီနေရာလေးက ဗလာကျင်းနေတဲ့ ငါတို့အတွက် အကောင်းဆုံးပါပဲ။ ဒီနေရာလေးမှာ မေးခွန်းတွေမရှိဘူး။ မျက်ဝန်းတွေကိုလည်း ဘာသာပြန် နေစရာမလိုဘူး။ ပကတိ အရှိတရားနဲ့ နေလို့ရတယ်လေ။

မိုးနေ

h1

ဒီည … တကယ်အိပ်လို့ရမှာပါ

March 19, 2009

ဒီည … တကယ်လို အိပ်လို့ရမှာပါ

သံသရာ့သံသရာ သံသရာရှည်မယ့်

ဒဏ်ရာ့ဒဏ်ရာ ဖန်တရာတေရင်း

နာရေးအခင်းမကင်းတဲ့ ညနေခင်းသတင်းစာတစ်စောင်

အမှောင်ထဲမှာ ဖတ်ခဲ့ဖူးပြီ။

ငယ်နုသစ်ဖူး ခြေစုံလက်ပစ်ကူးခဲ့တဲ့

ငါ့ မူးမြစ်တို့ ကူးလူးဆက်သွယ်

ည ပင်လယ်မြို့တစ်မြို့မှာ ရေတိမ်တွေနစ်ခဲ့ဖူးပြီ။

လောကမာယာရာသီစက်ဝန်းတို့အောက်

နာရီသက်ပြင်းတို့ တတောက်တောက်

(စိတ်ရှိလက်ရှိ) ခေါက်ခဲ့ဖူးပြီ။

လက်လုပ်လက်စား ရုပ်ရှင်

တောနေတောင်စား သီချင်း

လမ်းပေါ်ညပျော် အလေအလွင့်

နွေအဆင့်ဆင့်ကို ဖြတ်သန်းအပြီးမှာ …။

လမ်းခွဲကဗျာတွေကို ၀မ်းနည်းမရှာပါနဲ့

ဝမ်းနည်းကဗျာတွေကို လမ်းခွဲမရှာပါနဲ့

…. သွေးချင်းတူသူ ငါ့လိုလူတို့ရေ

၃၁ ဘုံမှာငါ လူဖြစ်ခဲ့တာ သေချာပြီဆိုရင်

အလောင်းလှလှလေး ပြင်ပေးဖို့မလိုတော့ပါဘူး။

ရေမရောမိုးမရော မျက်ရည်ပန်းတွေ

ငါ …

နမ်း…

… ခဲ့ပြီ။

ဥတ္တရာ(ရေဆုံး)