Archive for April 20th, 2009

h1

တိတ်တိတ်ကလေး . . .

April 20, 2009

တိတ်တိတ်ကလေး….

မေမေ့ကို တိတ်တိတ်ကလေး ကြိတ်ပြီးတောင်းပန်နေမိတယ်။  မေမေ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ရိုက်ချိုး ဖျက်ဆီးပစ်ခဲ့တဲ့အတွက်လေ။ အဲဒီ အတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် နောင်တရလားဆိုတော့ မရပါဘူး။ ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းကြောင်းအတွက် နောင်တမရခဲ့ပါဘူး။

မေမေဖြစ်စေချင်တဲ့ ထူးချွန်ထက်မြက်တဲ့သူတစ်ယောက် ဖြစ်မလာခဲ့ပေမယ့် ဘ၀ကို အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနေတယ်ဆိုတာနဲ့ ဖြတ်သန်းလို့ ရတယ်ဆိုတာကိုတော့ ပြောပြချင်တယ်။ အခွင့်အရေးရခဲ့ မယ်ဆိုရင်ပါ။

ဘ၀မှာ ငွေကို အသည်းအသန်ရှာဖွေရင်း ကုန်ဆုံးရတာကို မလိုချင်ဘူး။ ငွေကိုထိုက်သင့်သလောက်လေးပဲ ရှာဖွေပြီး ဘ၀ကို အအေးချမ်းဆုံးနဲ့ အရိုးသားဆုံးဖြတ်သန်းချင်တဲ့အကြောင်းကို ပြောပြချင်တယ်။ လူသားပီပီ လောဘ၊ ဒေါသ၊ မောဟတို့ ရှိပေမယ့် အဲဒီလောဘ၊ ဒေါသ၊ မောဟတို့ရဲ့ ပူလောင်ခြင်း အတတ်နိုင်ဆုံးကင်း အောင် နေချင်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ သစ္စာရှိရှိနဲ့ ကြိုးကြိုးစားစားလုပ်ချင်တယ်။ ဒီလိုလုပ်ရင်းနဲ့ ဘ၀တိုးတက်မှုကို ရှာဖွေ သွားလို့ကော မရနိုင်ဘူးလား။ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပြီး ရလာတဲ့ ရလဒ်အပေါ်မှာ တင်းတိမ်ရောင့်ရဲနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်။ ဖြစ်အောင်လည်း ကြိုးစားချင်တယ်။

ငွေရယ်၊ အပျော်အပါးရယ်၊ ရုပ်ဝတ္ထုတပစ္စည်းတွေရယ်နောက်ကို အသည်းအသန်မောကြီးပန်းကြီး လိုက်နေရတဲ့ ဘ၀တစ်ခုကို မပိုင်ဆိုင်ချင်ဘူး။ ဘ၀ရဲ့ပျော်ရွှင်မှု၊ အနှစ်သာရတွေဟာ အဲဒီအရာဝတ္ထုတွေနဲ့ပဲ တည်ဆောက်ထားတာ မဟုတ်ဘူးလို့ ခံယူထားတယ်။

မှန်ပါတယ်။ ငွေဟာ အရေးကြီးပါတယ်။ အရာရာကို ဖန်တီးနိုင်စွမ်းရှိပါတယ်။  Second God လို့ တင်စားရလောက်အောင်ကို သူ့အစွမ်းက ထက်မြက်ပါတယ်။ ဒါပေမယ့် ငွေပေးဝယ်လို့မရတဲ့အရာတွေလည်း ရှိနေပါသေးတယ်။ ကုန်ဆုံးသွားတဲ့အချိန်၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု၊ နားလည်စာနာတတ်မှုတို့ကို ငွေပေးဝယ်လို့မရပါဘူး။

ပြီးတော့ အရာရာကို ရလိုမှုတစ်ခုတည်းနဲ့ မကြည့်ဘဲ.. ပေးတတ်သူတစ်ယောက်အဖြစ်၊ သူ့ဘက်ကိုယ့်ဘက် မျှကြည့်တတ်တဲ့သူတစ်ယောက်အဖြစ်ပဲ နေချင်ပါတယ်။

တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ ဒီစကားတွေ မေမေ့ကို ပြောပြချင်တယ်။ ကိုယ်တည်ဆောက်ချင်တဲ့ ဘ၀လေးက ဒီလိုမျိုးလေးဆိုတာကိုလည်း ပြောပြချင်တယ်။ မေမေက နားလည်ပေးနိုင်မှာပါ။

အခုအချိန်မှာတော့ တိတ်တိတ်ကလေး… တိတ်တိတ်ကလေးပါပဲ…

မိုးနေ